သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ရွေးကောက်ပွဲ ပယ်မဲ လေးပုံတပုံ နီးပါးရှိ


အာဖဂန် ရွေးကောက်ပွဲ ပယ်မဲ လေးပုံတပုံ နီးပါးရှိ
အာဖဂန် ရွေးကောက်ပွဲ ပယ်မဲ လေးပုံတပုံ နီးပါးရှိ

အာဖဂန်နစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ လွှတ်တော် ရွေးကောက်ပွဲမှာ လာထည့်ကြတဲ့ မဲပေါင်း ၅,၆၀၀,၀၀၀ ရှိတဲ့အထဲက လေးပုံတပုံလောက်ဟာ ထည့်သွင်းရေတွက်လို့ မရဘဲ ပယ်ပစ်ရမယ့်မဲတွေ ဖြစ်နေတယ်လို့ အာဖဂန် ရွေးကောက်ပွဲဆိုင်ရာ တာဝန်ခံတွေက ပြောပါတယ်။

မဲပေါင်း ၁,၃၀၀,၀၀၀ ဟာ ပယ်မဲတွေ ဖြစ်နေတယ်လို့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့က အောက်လွှတ်တော်အတွက် လိုအပ်တဲ့ အမတ်နေရာ ၂၄၉ နေရာအတွက် ကိုယ်စားလှယ်တွေကို မဲပေးခဲ့ကြတာပါ။

ရွေးကောက်ပွဲ ရလဒ်ကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကြေညာဖို့ သတ်မှတ်ထားပေမဲ့ မဲမသမာမှုတွေနဲ့ တခြား မမှန်ကန်မှုတွေကြောင့် ဒီ့ထက်နောက်ကျပြီးမှ ထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။

မဲမသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့တဲ့ ပြီးခဲ့တဲ့နှစ် သမ္မတ ရွေးကောက်ပွဲ အပြီးမှာ အခု လွှတ်တော် ရွေးကောက်ပွဲတွေကို ကျင်းပခဲ့တာပါ။ အခုရွေးကောက်ပွဲ မတိုင်ခင်မှာလည်း တာလီဘန် သူပုန်တွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ နောက်ဆုံးတွေ့ရတဲ့ အကြမ်းဖက်မှု အနေနဲ့ ပေါက်ကွဲမှုတခုကြောင့် ဗြိတိသျှ စစ်သားတဦး သေဆုံးခဲ့ရတယ်လို့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒီနှစ်ဟာ ၂၀၀၁ ခုနှစ်က အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တွေ အာဖဂန်နစ္စတန်ကို ဝင်ရောက် သိမ်းပိုက်ခဲ့ပြီးကတည်းက ဆိုရင် နိုင်ငံတကာ တပ်ဖွဲ့ဝင် အသေအပျောက် အများဆုံးနှစ် ဖြစ်ပါတယ်။

XS
SM
MD
LG