သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kabul တိုက်ခိုက်မှု နိုင်ငံခြားသားတွေသေဆုံး


ကာဘူးလ် ဗုံးခွဲတိုက်ခိုက်မှုမှာ ကွဲသွားတဲ့ကားမှန်ရဲ့လေကာကို ဖယ်ရှားနေတဲ့ ကားမောင်းသူ။
ကာဘူးလ် ဗုံးခွဲတိုက်ခိုက်မှုမှာ ကွဲသွားတဲ့ကားမှန်ရဲ့လေကာကို ဖယ်ရှားနေတဲ့ ကားမောင်းသူ။
အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့က နိုင်ငံခြားသားတွေနဲ့ လူကုံထံဒေသခံတွေ မကြာခဏသွားလေ့ရှိတဲ့ လက်ဘနွန်စားသောက်ဆိုင်ကို တာလီဘန်တွေက တိုက်ခိုက်ခဲ့လို့ ၂၁ ယောက်သေဆုံးပြီး ၄ ယောက်ဒဏ်ရာရခဲ့ကြောင်း အာဖဂန်အာဏာပိုင်တွေက စနေနေ့က ပြောဆိုလိုက်ပါတယ်။

သေဆုံးသူတွေထဲမှာ အမေရိကန် ၂ ယောက်၊ ဗြိတိန်နိုင်ငံသား ၂ ယောက်၊ ကနေဒါနိုင်ငံသား ၂ ယောက်နဲ့ IMF နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့က လက်ဘနွန်နိုင်ငံသား အကြီးတန်းအရာရှိတယောက်လည်း ပါဝင်ပါတယ်။ ကုလသမဂ္ဂဝန်ထမ်း ၄ ဦးလည်း သေဆုံးခဲ့ပြီး ဘယ်နိုင်ငံသားတွေဆိုတာတော့ ချက်ချင်းမသိရသေးပါဘူး။ သေဆုံးသူတွေထဲမှာ အမျိုးသမီး ၅ ယောက်လည်း ပါဝင်တယ်လို့ တာဝန်ရှိ သူတွေက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီတိုက်ခိုက်မှုဟာ အဓိပ္ပာယ် မရှိတဲ့အကြမ်းဖက်မှုဖြစ်တယ်လို့ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ အာဖဂန် ပြည်သူတွေရဲ့ အနာဂတ်သာယာဝပြောရေးအတွက် ကြိုးစား လုပ်ဆောင်နေကြ သူတွေရဲ့ အသက်ကို ပဓာနမထားဘဲ အကြမ်းဖက်သမားတွေက ဆက်လက် တိုက်ခိုက်နေကြကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဖဂန်နစ္စတန် နိုင်ငံငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ဆက်လက်ကြိုးစားဖို့ သံန္နိဌာန်ချထားဆဲဖြစ်ပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အာဖဂန်ရှိအမေရိကန်သံအမတ်ကြီး James Cunningham ကလည်း အာဖဂန်ရဲ့အောင်မြင်မှုအတွက် မျှော်လင့်ချက်နဲ့ အားထုတ်ပေးနေကြသူတွေကို တာလီဘန်တွေကပစ်မှတ်ထားနေကြောင်း၊ တာလီဘန်တွေက ဘာမှ ထူထောင်မပေးနိုင်ဘဲ ဖျက်ဆီးဖို့သာတတ်နိုင်ကြကြောင်း အပြစ်တင် လိုက်ပါတယ်။

သောကြာနေ့က အသေခံဗုံးခွဲသူက အဲဒီစားသောက်ဆိုင်ရှေ့မှာ ဗုံးဖောက်ခွဲခဲ့ပြီး သေနတ်သမား ၂ ယောက်က ဆိုင်ထဲဝင်ပြီး ပစ်ခတ်ခဲ့ကြောင်း၊ အဲဒီ သေနတ်သမားတွေလည်းသေဆုံးခဲ့ကြောင်း အာဏာပိုင်တွေကပြောပါတယ်။ တာလီဘန်တွေက ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ပါလို့ ပြောပါတယ်။

Parwan ပြည်နယ်မှာ ဒီသီတင်းပတ်အတွင်း စစ်တပ်ကစစ်ဆင်ရေးလုပ်ခဲ့ရာမှာ အရပ်သားတွေ သေဆုံးခဲ့တဲ့အတွက် လက်စားခြေတဲ့အနေနဲ့ အခုလို တိုက်ခိုက်တာလို့ ဆိုပါတယ်။
XS
SM
MD
LG