သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မှာ အမေရိကန် ကယ်ဆယ်ရေး လုပ်သားတွေ အသတ်ခံရမှု FBI စုံစမ်း စစ်ဆေးမည်

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းမှာ အကူအညီပေးရေး အဖွဲ့က ခရစ်ယာန် ၁၀ ဦး အသတ်ခံရမှုနဲ့ ပတ်သက်လို့ တခြား ကမ္ဘာ့ ဘာသာရေး အဖွဲ့ကြီးများနဲ့အတူ ကမ္ဘာ့မွတ်ဆလင်များလည်း ပူးပေါင်း ပါဝင် ကန့်ကွက်ကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောကြားလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုကို ဖော်ထုတ်ဖို့ အာဖဂန်နစ္စတန် အာဏာပိုင်တွေနဲ့အတူ အမေရိကန် စုံစမ်း ထောက်လှမ်းရေးအဖွဲ့ FBI ကလည်း ပူးပေါင်း ပါဝင်မှာဖြစ်ကြောင်း ကလင်တန်က တနင်္လာနေ့မှာ ပြောကြားပါတယ်။

ဒီလုပ်ရပ်အတွက် တာလီဘန်နဲ့ တခြား စစ်သွေးကြွအဖွဲ့ တဖွဲ့က သူတို့လုပ်ရပ် ဖြစ်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။

ဒီလို သတ်ဖြတ်မှုကြောင့် အာဖဂန်နစ္စတန်နိုင်ငံ အနာဂတ်အတွက် ငြိမ်းချမ်းမှု၊ လွတ်လပ်မှုနဲ့ တည်ငြိမ်မှုရအောင် နိုင်ငံတကာနဲ့ အာဖဂန်နစ္စတန်တို့ ပူးပေါင်း ကြိုးပမ်းနေမှုကို ရပ်တန့်သွားစေမှာ မဟုတ်ဘူးလို့ ကလင်တန်က ပြောကြားပါတယ်။

အသတ်ခံရတဲ့ ကျန်းမာရေး အကူပေးရေး အဖွဲ့ဝင် ၁၀ ဦးဟာ အမေရိကန် ၆ ယောက်၊ အာဖဂန်နစ္စတန် ၂ ယောက်၊ အင်္ဂလိပ် ၁ ယောက်နဲ့ ဂျာမန် ၁ ယောက်တို့ ဖြစ်ကြပါတယ်။

ဒီလုပ်ရပ်ဟာ စစ်သွေးကြွ အစ္စလမ်တွေရဲ့ လွဲချော်နေတဲ့ အမြင်ကို ထင်ရှားစေတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

အကူအညီပေးနေတဲ့ စေတနာရှင်တွေကို သတ်ဖြတ်တဲ့အတွက် တာလီဘန်တွေအဖို့ သိက္ခာ အလွန်ကျသွားစေတယ်လို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန် သံအမတ် ရစ်ချတ်ဒ် ဟိုးလ် ဘရွတ်ခ်က ပြောကြားလိုက်ပါတယ်။

ဒီလို အသတ်ခံကြရတဲ့အတွက် မိမိတို့ အာဖဂန်နစ္စတန်ကနေပြီး ထွက်ခွာသွားဖို့ အကြောင်းမရှိပါဘူးလို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ ခရစ်ယာန် အုပ်စုက ပြောကြားပါတယ်။

This item is part of
XS
SM
MD
LG