သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်စစ် လျှို့ဝှက်ချက် ပေါက်ကြားမှု အချက်အလက်သစ်တွေ မပါ

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား။ ဇူလိုင် ၂၇၊ ၂၀၁၀။
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား။ ဇူလိုင် ၂၇၊ ၂၀၁၀။

အမေရိကန် ဦးဆောင်နေတဲ့ အာဖဂန်နစ္စတန် စစ်ပွဲဆိုင်ရာ လျှို့ဝှက် စာရွက်စာတမ်းတွေ ထောင်ချီ ထွက်လာခဲ့ရာမှာ လူမသိသေးတဲ့ အချက်အသစ်တွေ မပါဘူးလို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောပါတယ်။

အရေးကြီးတဲ့ စစ်ရေးသတင်းတွေ ပေါက်ကြားသွားတာဟာ စိုးရိမ်စရာကိစ္စ ဖြစ်ပေမဲ့ အင်တာနက်ပေါ် ရောက်သွားတဲ့ စာရွက်စာတမ်းတွေကတော့ မနှစ်က သူ ချပြခဲ့ပြီးဖြစ်တဲ့ စစ်မဟာဗျူဟာမှာ ပါခဲ့တဲ့ သတင်း အချက်အလက်တွေအပြင် အခြားအချက်တွေတော့ မပါခဲ့ပါဘူးလို့ မစ္စတာ အိုဘားမားက အင်္ဂါနေ့က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၆ နှစ်တာကာလ အာဖဂန်နစ္စတန် စစ်ပွဲဆိုင်ရာ စာရွက်စာတမ်းတွေကို WikiLeaks အင်တာနက် စာမျက်နှာပေါ် တနင်္ဂနွေနေ့က တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ စာရွက်စာတမ်းတွေထဲမှာ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်ရတယ်လို့ စွပ်စွဲထားတဲ့ အရပ်သား ထိခိုက်မှု စာရင်းလည်း ပါဝင်ပါတယ်။

အာဖဂန်နစ္စတန်မှာ လှုပ်ရှားနေကြတဲ့ သူပုန်အုပ်စု အချို့ကို ပါကစ္စတန် ထောက်လှမ်းရေး ISI က ပံ့ပိုးပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ပါဝင်ပါတယ်။

မဟာဗျူဟာ အသစ်အောက်မှာ အမေရိကန်ဟာ အာဖဂန်နစ္စတန်မှာ အာရုံစိုက် လုပ်ဆောင်မယ့် ကိစ္စတွေကို တိုးမြှင့်ခဲ့တယ်လို့ သမ္မတ အိုဘားမားက သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် အာဖဂန်နစ္စတန်အပြင် အိမ်နီးချင်း ပါကစ္စတန် အနေနဲ့ ပိုပြီး တာဝန်ခံမှု ရှိဖို့ကိုလည်း အထူးပြု ပြောဆိုသွားပါတယ်။

This item is part of
XS
SM
MD
LG