အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်းက ဘာမီယန် (Bamiyan) ပြည်နယ်မှာ နေတိုးတပ်ဖွဲ့တွေက အာဖဂန်နစ္စတန် လုံခြုံရေး တပ်ဖွဲ့တွေဆီကို လုံခြုံရေးဆိုင်ရာ ထိန်းချုပ်ရေး တာဝန်တွေ လွှဲပြောင်း ပေးခဲ့ပါပြီ။
အာဖဂန်နစ္စတန်နိုင်ငံ လုံခြုံရေး တပ်ဖွဲ့တွေက ပထမအဆင့်အဖြစ် လွှဲယူမယ့် ဒေသ ၇ ခုထဲမှာ ဘာမီယန်ဒေသဟာ ပထမဆုံး လွှဲယူခဲ့တဲ့ဒေသ ဖြစ်ပါတယ်။
လွှဲပြောင်းရေး အခမ်းအနားကို ဒီနေ့ ဘာမီယန်မှာပဲ ကျင်းပခဲ့ပါတယ်။ ဒီပြည်နယ်ဟာ ၂၀၀၁ ခုနှစ် တာလီဘန်တွေ ဆုတ်ခွာခဲ့ပြီးတဲ့ နောက်ပိုင်း တိုက်ခိုက်မှုတွေ အနည်းအကျဉ်းပဲ ရှိခဲ့တဲ့ဒေသ ဖြစ်ပါတယ်။
အာဖဂန်နစ္စတန် စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေဆီကို နေတိုးတပ်ဖွဲ့တွေက ၂၀၁၄ ခုနှစ်ကုန်ပိုင်း နောက်ဆုံးထားပြီး လုံခြုံရေးဆိုင်ရာ ထိန်းချုပ်မှုတွေကို တဖြည်းဖြည်းချင်း လွှဲပြောင်းပေးသွားဖို့ စီစဉ်ထားပါတယ်။
အာဖဂန်နစ္စတန် သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) ကလည်း အခုလိုမျိုး ထိန်းချုပ်မှုတွေကို လွှဲပြောင်းပေးဖို့ ဖိအားပေး တောင်းဆိုနေတာ ကြာပါပြီ။
လာမယ့် ၁၄ လအတွင်း အာဖဂန်နစ္စတန်မှာ ရှိနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၁၀၀,၀၀၀ ထဲက ၃၃,၀၀၀ ကို ပြန်ပြီး ရုပ်သိမ်းမယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း ပြီးခဲ့တဲ့ လတုန်းကပဲ ကြေညာထားပါတယ်။
ဂျာမဏီ၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေကလည်း သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို အာဖဂန်နစ္စတန်ကနေ ပြန်ပြီး ရုပ်သိမ်းဖို့ အစီအစဉ်တွေ လုပ်ထားကြပါပြီ။