သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်သမ္မတ စွပ်စွဲချက် နေတိုး ငြင်းဆို

အာဖဂန်နစ္စတန် တောင်ပိုင်း ဟယ်မန်ပြည်နယ်မှာ ပြီးခဲ့တဲ့ သောကြာနေ့ နေတိုးတပ်က ဒုံးကျည်နဲ့ တိုက်ခိုက်တာကြောင့် အရပ်သား ၅၂ ဦး သေဆုံးခဲ့တယ်ဆိုတဲ့ အာဖဂန်သမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) ပြောဆိုချက် အပေါ်မှာ အာဖဂန်မှာရှိတဲ့ ISAF နိုင်ငံတကာ လုံခြုံရေးတပ်က အငြင်းပွားနေပါတယ်။

တနင်္လာနေ့ ထုတ်ပြန်တဲ့ ISAF ကြေညာချက်မှာတော့ နေတိုးတပ်နဲ့ အာဖဂန်အစိုးရ ပူးပေါင်း စုံစမ်း စစ်ဆေးမှုတွေအတွင်း အရပ်သားတွေ သေကျေ ထိခိုက်တယ်ဆိုတဲ့ အထောက်အထားမျိုးတွေ မတွေ့ရသေးဘူးလို့ ISAF ပြောခွင့်ရသူ ဗိုလ်ချုပ်ကြီး ဂရက် စမစ်သ် (Greg Smith) က ပြောပါတယ်။

ဒါပေမဲ့လည်း အာဖဂန် ထောက်လှမ်းရေးတပ်ဖွဲ့ရဲ့ စုံစမ်း ထောက်လှမ်းချက်အရ နေတိုးတပ်ရဲ့ ဒုံးကျည်ဟာ ဟယ်မန်ပြည်နယ် ဆန်ဂင်းခရိုင်က အိမ်တလုံးပေါ်ကို ကျရောက်ခဲ့တယ်လို့ မစ္စတာကာဇိုင်းက တနင်္လာနေ့မှာပဲ ပြောပါတယ်။

နေတိုး ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေနဲ့ တာလီဘန် သောင်းကျန်းသူတွေ အကြား တိုက်ပွဲတွေကနေ ရှောင်ပြီး အရပ်သားတွေဟာ အဲဒီအိမ်ထဲမှာ ခိုအောင်းနေကြတာ ဖြစ်တယ်လို့ အာဖဂန် တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမဲ့လည်း အဲဒီကျေးရွာမှာ အရပ်သားတွေ ထိခိုက် သေကျေတယ်ဆိုတဲ့ အခုလို စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ အထောက်အထား မရှိဘူးလို့ ISAF ဗိုလ်ချုပ်ကြီး စမစ်သ်က ပြောပါတယ်။

အခုကိစ္စမှာ အာဖဂန်သမ္မတ ကာဇိုင်းနဲ့ မဟာမိတ်တပ်တွေအကြား သတင်းအချက်အလက် ကွဲလွဲနေမှုနဲ့ ပတ်သက်လို့ ဖြေရှင်းချက်တွေ မတွေ့ရသေးပါဘူး။

This item is part of
XS
SM
MD
LG