သုံးရလွယ်ကူစေသည့် Link များ

တာလီဘန်နဲ့ သင့်မြတ်ရေး အာဖဂန်ငြိမ်းချမ်းရေး ဆွေးနွေးပွဲစတင်

  • ဗွီအိုအေ (မြန်မာဌာန)

အာဖဂန်သမ္မတ ဟာမစ် ခါဇိုင်း(လယ်) ငြိမ်းချမ်းရေးကောင်စီ ဆွေးနွေးပွဲတွင် အမှာစကား ပြောကြားစဉ်။ အောက်တိုဘာ ၇၊ ၂၀၁၀။

အာဖဂန်သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) က တာလီဘန် အပါအ၀င် တခြား စစ်သွေးကြွ အုပ်စုတွေနဲ့ ငြိမ်းချမ်းရေး ရယူရာမှာ အထောက်အကူ ဖြစ်စေမယ့် ငြိမ်းချမ်းရေးကောင်စီ ဖွင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ခဲ့ပါတယ်။

အာဖဂန်မှာ အမေရိကန် ဦးဆောင်စစ်ပွဲ စတင်ခဲ့တာ ၉ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဒီကနေ့ ကြာသပတေးနေ့မှာ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် ၇၀ ဟာ ပထမဆုံးအကြိမ် အစည်းအဝေးကို ပြုလုပ်ခဲ့ပါတယ်။

ဒီကောင်စီအဖွဲ့ဝင်တွေထဲမှာ တာလီဘန် အရာရှိဟောင်းတွေနဲ့ သမ္မတဟောင်းတွေအပြင် အရပ်ဘက်နဲ့ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်တွေလည်း ပါဝင်ကြပါတယ်။

အာဖဂန်သမ္မတ ခါဇိုင်းက အကြမ်းဖက်မှုတွေကို စွန့်လွှတ်ဖို့နဲ့ တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံကို လေးစားလိုက်နာဖို့ တာလီဘန်တွေကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း တိုင်းပြည်ထဲမှာ ရှိနေတဲ့ နိုင်ငံခြားတပ်ဖွဲ့တွေ မထွက်ခွာမချင်း ဘယ်လို ရင်ကြားစေ့ရေးကိုမှ လက်မခံဘူးဆိုပြီး တာလီဘန်တွေက ပယ်ချခဲ့ပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကတော့ အခုလို အာဖဂန်အစိုးရရဲ့ တာလီဘန် သူပုန်တွေနဲ့ ငြိမ်းချမ်းရေး ရယူဖို့ ကြိုးပမ်းချက်ကို အားပေး ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သူတို့နှစ်ဘက်အကြားမှာ လျှို့ဝှက် ဆွေးနွေးပြောဆိုမှုတွေ စတင်နေပြီ ဆိုတဲ့အကြောင်းကိုလည်း ပြီးခဲ့တဲ့တပတ် ၀ါရှင်တန်ပို့စ် သတင်းစာမှာ ရေးသား ဖော်ပြခဲ့ပါတယ်။

တချိန်တည်းမှာပဲ အာဖဂန် ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရာမှာ စီစဉ်ညွှန်ကြားခဲ့သူ တာလီဘန် အဆင့်မြင့် ခေါင်းဆောင်တဦးကို အာဖဂန်မှာရှိတဲ့ မဟာမိတ် တပ်ဖွဲ့တွေက သုတ်သင်ခဲ့တယ် ဆိုတဲ့အကြောင်း နေတိုးအဖွဲ့က ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG