သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ထောင်ဖောက်မှုအတွင်း အကျဉ်းသား ၄၀၀ ကျော် ထွက်ပြေး


အာဖဂန် ထောင်ဖောက်မှုအတွင်း အကျဉ်းသား ၄၀၀ ကျော် ထွက်ပြေး
အာဖဂန် ထောင်ဖောက်မှုအတွင်း အကျဉ်းသား ၄၀၀ ကျော် ထွက်ပြေး

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာ (Kandahar) မြို့မှာ အကျဉ်းထောင်တခုရဲ့ အောက်ကနေ တွင်းတူးပြီး တာလီဘန် သောင်းကျန်းသူ အများအပြားပါတဲ့ အကျဉ်းသား ၄၀၀ လောက် ထွက်ပြေး လွတ်မြောက်သွားတယ်လို့ အာဖဂန် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ အင်မတန် ဆိုးဝါးတဲ့ လုံခြုံရေး ပျက်ကွက်မှု ဖြစ်တယ်လို့ အာဖဂန်နစ္စတန် အစိုးရက ပြောပါတယ်။

ဆာပိုဆာ (Sarposa) အကျဉ်းထောင်ရဲ့ အောက်အထိ ပေါက်အောင် တူးထားတဲ့ လိုဏ်ခေါင်းထဲကနေ အကျဉ်းသား ၄၇၅ ယောက် ထွက်ပြေးသွားတယ်လို့ အကျဉ်းဦးစီး တာဝန်ရှိသူ ဂူလမ် ဒက်စ်တာဂီယာ မေယာ (Ghulam Dastagir Mayar) က ပြောပါတယ်။

တာလီဘန် အများစု ပါဝင်တဲ့ လွတ်သွားသူ အရေအတွက်ဟာ အကျဉ်းထောင်ရဲ့ ၃ ပုံ ၁ ပုံလောက် ရှိပါတယ်။ ပေ ၁,၀၀၀ ကျော်ရှည်တဲ့ လိုဏ်ခေါင်းကို လွန်ခဲ့တဲ့ ၅ လလောက်ကြာအောင် ဖောက်လုပ်ခဲ့တာလို့ တာလီဘန်တို့က ပြောပါတယ်။

တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ လိုဏ်ခေါင်းဟာ ထောင်မကြီးကို ပေါက်သွားပြီး နာရီနဲ့ချီ ထောင်သားတွေ လိုဏ်ခေါင်းထဲကနေ ထွက်ပြေးခဲ့ကြတာကို ထောင်စောင့်တွေ မသိလိုက်ကြပါဘူး။ လွတ်သွားသူတွေထဲမှာ တာလီဘန်တပ်မှူး ၁၀၀ ပါဝင်တယ်လို့ တာလီဘန်တွေက ပြောပါတယ်။

ထောင်ဖောက်မှုဟာ အင်မတန်ဆိုးတဲ့ လုံခြုံရေး ပေါ့လျော့မှုဖြစ်ပြီး စုံစမ်းစစ်ဆေးနေပြီလို့ သမ္မတ ပြောခွင့်ရသူ ဝါဟိဒ် အိုမာ (Waheed Omar) က ပြောပါတယ်။

ထောင်ဖောက်ပြေးသွားသူတွေကို လိုက်လံရှာဖွေရေး လုပ်နေပြီး ၁၃ ယောက်ကို ပြန်ဖမ်းမိတယ်လို့ အာဖဂန် တာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၀၈ ခုနှစ်တုန်းကလည်း အဲဒီ အကျဉ်းထောင်မှာပဲ သောင်းကျန်းသူတွေက ထောင်အပေါက်ဝတွေကို ဗုံးခွဲဖျက်ဆီးခဲ့တာမှာ တာလီဘန် တိုက်ခိုက်ရေးသမားတွေ အပါအဝင် အကျဉ်းသား ၉၀၀ လောက် လွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ထောင်ရဲ့ လုံခြုံရေးကို သက်ဆိုင်ရာက တိုးမြှင့်ထားတဲ့ကြားက အခုတခါ ထပ်ပြီး ထောင်ဖောက်ခံရတာ ဖြစ်ပါတယ်။

XS
SM
MD
LG