အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာ မြို့တော်ဝန်ဟာ အသေခံ ဗုံးခွဲတိုက်ခိုက်မှု တခုကြောင့် သေဆုံးခဲ့ရပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ နိုင်ငံတကာ တပ်ဖွဲ့တွေက လုံခြုံရေး တာဝန်တွေကို အာဖဂန်အစိုးရ တပ်ဖွဲ့တွေဆီ စပြီး လွှဲပြောင်းပေးနေတဲ့ အချိန်မှာပဲ ထင်ရှားတဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေကို လုပ်ကြံမှုတွေ ဆက်တိုက်ဆိုသလို အာဖဂန်နစ္စတန်မှာ ဖြစ်နေတာပါ။
ကန်ဒါဟာ မြို့တော်ဝန် ဂူလမ် ဟိုင်ဒါ ဟာမစ်ဒီ (Ghulam Haider Hamidi) ဗုံးခွဲတိုက်ခိုက်ခံရလို့ ဒီကနေ့ သေဆုံးသွားရတဲ့ ကိစ္စဟာ သူတို့ရဲ့လက်ချက် ဖြစ်တယ်လို့ တာလီဘန်တွေက ပြောပါတယ်။ မြို့တော်ဝန် အနီးနားမှာ ရှိနေသူတွေထဲက လူတဦးထက် မနည်းလည်း ဒဏ်ရာရခဲ့ပါတယ်။
အိမ်တွေကို တရားမဝင် ဆောက်ထားတယ်ဆိုပြီး အာဏာပိုင်တွေက ကန်ဒါဟာမြို့တွင်းက အိမ်တွေကို မကြာခင်က ဖျက်ဆီးခဲ့တဲ့အခါမှာ အမျိုးသမီးတဦးနဲ့ ကလေးငယ် ၂ ဦး သေဆုံးခဲ့ရတာကို တုံ့ပြန်တဲ့ အနေနဲ့ အခုလို တိုက်ခိုက်ရတာပဲလို့ တာလီဘန်အဖွဲ့ ပြောခွင့်ရသူတဦးက ဆိုပါတယ်။
ကန်ဒါဟာ မြို့တော်ဝန်ဟာ သူ့နယ်မြေက မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံနေတုန်း ခေါင်းပေါင်း ပေါင်းထားတဲ့ ဗုံးခွဲသမားက ပုန်းအောင်းနေရာက ထွက်လာပြီး တိုက်ခိုက်ခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ကန်ဒါဟာ မြို့တော်ဝန်ဟာ အရင်တုန်းကလည်း လုပ်ကြံတိုက်ခိုက်တာကို ခံခဲ့ရပေမဲ့ လွတ်မြောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း သူ့ရဲ့ လက်ထောက်မြို့တော်ဝန် ၂ ဦး အတိုက်အခိုက်ခံရလို့ သေဆုံးခဲ့ပါတယ်။
အခုလဆန်းပိုင်းတုန်းကလည်း ကန်ဒါဟာပြည်နယ်ထဲမှာပဲ အာဖဂန်သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) ရဲ့ ညီဝမ်းကွဲ တော်စပ်သူ လုပ်ကြံသတ်ဖြတ် ခံခဲ့ရပါသေးတယ်။ ဒီတိုက်ခိုက်မှုကိုလည်း တာလီဘန်က သူတို့ရဲ့ လက်ချက်လို့ ပြောပါတယ်။