အာဖဂန်နစ္စတန် နိုင်ငံထဲမှာ အမေရိကန် ထောက်ပို့ယာဉ်တန်းတွေ ဘေးအန္တရာယ် ကင်းကင်းနဲ့ သွားလာနိုင်ဖို့အတွက် အာဖဂန်အစိုးရ တာဝန်ရှိသူတွေ၊ စစ်ဘုရင်တွေနဲ့ တာလီဘန်တွေအထိကိုတောင် အမေရိကန် အခွန်ထမ်း ပြည်သူတွေရဲ့ ငွေသန်းပေါင်းများစွာကို သွယ်ဝိုက်ပေးနေရတယ်လို့ အမေရိကန် အောက်လွှတ်တော် စုံစမ်းရေးအဖွဲ့က ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒေါ်လာသန်း ၂,၁၀၀ တန်ဖိုးရှိတဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေအတွက် အာဖဂန်မှာ အခြေစိုက်တဲ့ ကန်ထရိုက်လုပ်ငန်း လုပ်နေသူ ၈ ယောက်ဟာ ထရပ်ကား တစင်းစီရဲ့ လုံခြုံမှုအတွက် ဒေါ်လာ ထောင်နဲ့ချီ သုံးစွဲနေရတယ်လို့ တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ အောက်လွှတ်တော် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်ဖွဲ့တွေ သုံးစွဲနေတဲ့ ပစ္စည်းတွေနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေရဲ့ ၇၀% ထက် မနည်းကို ကန်ထရိုက် လုပ်ငန်းတွေက လုပ်ပေးနေတာဖြစ်ပါတယ်။
ထရပ်ကားလုပ်ငန်း ကန်ထရိုက်တာတွေက သူတို့ကားတွေရဲ့ လုံခြုံရေးအတွက် ငွေပေးနေရတဲ့ ကိစ္စကို အမေရိကန် စစ်အရာရှိကြီးတွေကို ပြောပြခဲ့ပေမဲ့ ဒီအပေါ်မှာ အရေးတယူ ထုတ်ဖော်ပြောတာ မရှိခဲ့ဘူးလို့ အောက်လွှတ်တော် စုံစမ်း စစ်ဆေးသူတွေက ပြောပါတယ်။
ဒီအစီရင်ခံစာကို ပြုစုတဲ့ အမေရိကန် အောက်လွှတ်တော် အမျိုးသား လုံခြုံရေးဆိုင်ရာ ဆပ်ကော်မတီမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့ ကြားနာဖို့လည်း ရှိနေပါတယ်။