သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တပ်မှူး ပြောင်းပေမဲ့ အာဖဂန်ဗျူဟာ မပြောင်းလဲ

အာဖဂန်နစ္စတန်စစ်ပွဲမှာ ဦးဆောင်နေတဲ့ ဗိုလ်ချုပ်ကြီးတယောက်ကို အစားထိုး ခန့်ထားဖို့ ဆုံးဖြတ်လိုက်ပေမဲ့ အာဖဂန် မဟာဗျူဟာ တရပ်လုံးကတော့ ဒီအတိုင်းပဲ ဖြစ်ပါတယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောပါတယ်။

သမ္မတ အိုဘားမားက ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ် (Dimitri Medvedev) နဲ့အတူ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြာသပတေးနေ့က အခုလို ပြောခဲ့တာပါ။ ဗိုလ်ချုပ်ကြီး စတန်လေ မက်ခရစ္စတယ်လ် (Stanley McChrystal) က နှုတ်ထွက်စာတင်ပြီး ဗိုလ်ချုပ်ကြီး ဒေးဗစ် ပီးထရေးယာ့စ် (David Petraeus) ကို သူ့နေရာမှာ အစားထိုး ခန့်အပ်လိုက်ပြီးတဲ့နောက် တရက်အကြာမှာ သူက အခုလို ပြောခဲ့တာလည်း ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်မှာ ရည်မှန်းချက် တူညီစည်းလုံးဖို့ သူက ပဓာနထားတဲ့အကြောင်း သမ္မတ အိုဘားမားက ပြောပါတယ်။ အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန်ရဲ့ မဟာဗျူဟာကို ဗိုလ်ချုပ်ကြီး ပီးထရေးယာ့စ် နားလည်တဲ့အကြောင်း သူယုံကြည်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ အကြောင်းကတော့ ဗိုလ်ချုပ်ကြီး ပီးထရေးယာ့စ် ကိုယ်တိုင် ဒီမဟာဗျူဟာ ချမှတ်ရာမှာ ပါဝင်ကူညီခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်လို့ ဆိုပါတယ်။

မက်ခရစ္စတယ်လ် နေရာမှာ ပီးထရေးယာ့စ်နဲ့ အစားထိုးလိုက်တဲ့ သမ္မတ ဆုံးဖြတ်ချက်ကို သူ အပြည့်အ၀ ထောက်ခံတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က ကြာသပတေးနေ့ စောစောပိုင်းက ပြောခဲ့ပါတယ်။

အာဖဂန်နစ္စတန်မှာ အမေရိကန် ဦးဆောင်ပြီး အောင်မြင်မှု ရရှိရေးဟာ သူ့အနေနဲ့ အာရုံ အဓိက စူးစိုက်ထားတာ ဖြစ်တယ်လို့ မစ္စတာဂိတ်စ်က ပြောပါတယ်။ ပီထရေးယာ့စ်ရဲ့ ဦးစီးမှုအောက်မှာ နေတိုးတပ်တွေ အနေနဲ့ ဒီအောင်မြင်မှုကို ရရှိလိမ့်မယ်လို့ သူယုံကြည်တဲ့အကြောင်း မစ္စတာဂိတ်စ်က ဆိုပါတယ်။

This item is part of
XS
SM
MD
LG