သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်နစ္စတန်မှာ ထပ်မံတိုက်ခိုက်ခံရမယ့် အန္တရာယ် သမ္မတဘိုင်ဒင် သတိပေး


President Joe Biden
President Joe Biden

[ Zawgyi ]

အာဖဂန်နစ်စတန်နိုင်ငံ ကာဘူးလ်လေဆိပ်မှာ လာမယ့် ၂၄ နာရီကနေ ၃၆ နာရီ အတွင်း နောက်ထပ်တိုက်ခိုက်မှု တခုနဲ့ ကြုံရနိုင်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က စနေနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက သူတို့နိုင်ငံသားတွေနဲ့ တာလီဘန်တွေလက်ကလွတ်ဖို့ပြေးတဲ့ အာဖဂန်တွေကို ကာဘူးလ်က Hamid Karzai နိုင်ငံတကာ လေဆိပ်ကနေခေါ်ထုတ်နေတာ ဖြစ်ပါတယ်။

အာဖဂန်ကနေ အမေရိကန်တပ်တွေ ရုတ်သိမ်းနေပြီး လေကြောင်းသယ်ယူမှုအကြီးအကျယ်လုပ်ဆောင်နေတဲ့ ဒီလေဆိပ်မှာ ရှိတဲ့ အမေရိကန်တပ်တွေကို အကာကွယ်ပေးဖို့ သမ္မတဘိုင်ဒန်က အမေရိကန်တပ်မှုးတွေကို ညွှန်ကြားခဲ့ပါတယ်။ သောကြာနေ့မှာ ရာနဲ့ချီတဲ့ အမေရိကန်နိုင်ငံသားတွေ အပါအဝင် လူပေါင်း ၆ ၈၀၀ လောက်ကိုခေါ်ထုတ်နိုင်ခဲ့တယ်လို့ သမ္မတရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ အမေရိကန်တပ်တွေထွက်ခွါသွားပြီးနောက်ပိုင်း အာဖဂန်ကနေထွက်ခွါလိုသူတွေကို အကူညီပေးဖို့ ပြင်ဆင်နေတာတွေနဲ့ ပတ်သက်ပြီး စနေနေ့မှာဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

လေဆိပ်နားပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး ၄၈ နာရီမပြည့်ခင်မှာပဲ အာဖဂန်က အိုင်အက်စစ်သွေးကြွအဖွဲ့ IS Khorasan ကို အမေရိကန်တပ်တွေက အဝေးထိန်းဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ ဒီအဖွဲ့ထဲက လေဆိပ်နားဗုံးဖေါက်ခွဲဖို့ စီစဉ်သူလို့ သတ်မှတ်သူကို အမေရိကန်တပ်တွေက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး Nangarhar ပြည်နယ်ထဲမှာပြုလုပ်ခဲ့တဲ့ အဝေးထိန်းဒရုန်းနဲ့ တိုက်ခိုက်မှုကနေ အရပ်သားထိခိုက်မှု တစုံတရာ မတွေ့ရဘူးလို့ ပြောပါတယ်။

အခုလို အမေရိကန်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုဟာ ဒီလောက်နဲ့ ပြီးသွားမှာမဟုတ်ပဲ ကာဘူးလ်လေဆိပ်နား ကြာသပတေးနေ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်နေသူမှန်သမျှကို ဆက်ပြီးလိုက်လံ ခြေမှုန်းမှာ ဖြစ်ကြောင်းလည်း သမ္မတက ပြောပါတယ်။ အိုင်အက်စ်တွေ သူတို့ လုပ်ဆောင်တယ်လို့ ကြေညာခဲ့တဲ့ ဒီအသေခံဗုံးခွဲမှုကြောင့် အမေရိကန်တပ်သား ၁၃ ဦးနဲ့ အာဖဂန် ၁၇၀ ထက်မနည်း သေဆုံးခဲ့ရတာပါ။

တိုက်ရိုက် လင့်ခ်

[ Unicode ]






XS
SM
MD
LG