CIA အမေရိကန် ထောက်လှမ်းရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ဟောင်း David Petraeus ရာထူးကနေ နုတ်ထွက်စေခဲ့တဲ့ အရှုပ်တော်ပုံမှာ ပါဝင်နေတဲ့ အမျိုးသမီးတဦးနဲ့ မသင့်လျော်တဲ့ ဆက်သွယ်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဖဂန်နစ္စတန်မှာ ရှိနေတဲ့ ထိပ်တန်း အမေရိကန်တပ်မှူးကြီး John Allen ကို အမေရိကန် ကာကွယ်ရေးဌာနက စုံစမ်းစစ်ဆေးနေပါတယ်။
၂၀၁၀ နဲ့ ၂၀၁၂ ကြား ဗိုလ်ချုပ် Allen နဲ့ Jill Kelley ကြား အပြန်အလှန်ပေးပို့ခဲ့ကြတဲ့ စာမျက်နှာပေါင်း ၂၀,၀၀၀ ကနေ ၃၀,၀၀၀ အကြားကို ကာကွယ်ရေးဌာနက လေ့လာစိစစ်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်း အရာရှိတစ်ဦးက ပြောပါတယ်။
အဲဒီစာရွက်စာတမ်းတွေနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို အဆိုပါ အရာရှိက ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိပေမဲ့ Petraeus ကိစ္စနဲ့ ပတ်သက်နိုင်တဲ့ အလားအလာရှိနိုင်တယ်လို့ ပြောပါတယ်။
ကယ်လီဟာ ဗိုလ်ချုပ်ဟောင်း Petraeus ရဲ့ မိတ်ဆွေ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သောကြာနေ့က Petraeus ရာထူးကနေ နုတ်ထွက်စေခဲ့တဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုမှာ ပါဝင်နေတဲ့ အမျိုးသမီးထံက ခြိမ်းခြောက်တဲ့ အီးမေးလ်စာတွေ လက်ခံရရှိလို့ FBI ဗဟို အစိုးရ ထောက်လှမ်းရေးဌာနထံကို ကယ်လီက တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
FBI က ဗိုလ်ချုပ် Allen ပါဝင်ပတ်သက်နေတဲ့ အကြောင်းကို ကာကွယ်ရေးဌာနကို တနင်္ဂနွေနေ့က အသိပေးခဲ့ရာမှာ ကာကွယ်ရေးဝန်ကြီး Leon Panetta က ဒီကိစ္စ စုံစမ်းစစ်ဆေးပေးဖို့ ကာကွယ်ရေးဌာန စုံစမ်းစစ်ဆေးရေး အရာရှိတွေဆီကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ် Allen က သူ့အနေနဲ့ အပြစ်မရှိကြောင်း ပြောဆိုပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေစဉ်အတွင်း အာဖဂန်နစ္စတန်မှာ လက်ရှိ တပ်မှူးရာထူးမှာ ဆက်လက် ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။