သုံးရလွယ်ကူစေသည့် Link များ

အာဖဂန် အသေခံဗုံးခွဲမှု ၂၀ ကျော်သေ


ကဘူးလ်မြို့တော်မှာ အသေခံဗုံးခွဲသမားက မီနီဘက်စ်ကားတစီးရှိရာကို လမ်းလျှောက်လာပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့

အာဖဂန်နစ္စတန်နိုင်ငံမှာ ဒီကနေ့ တနင်္လာနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု တချို့ ဖြစ်ခဲ့တာမှာ လူ ၂၄ ယောက်ထက် မနည်း သေဆုံးပြီး နောက်ထပ် ၄၀ လောက် ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ကဘူးလ်မြို့တော်မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတခုမှာတော့ အသေခံဗုံးခွဲသမားက မီနီဘက်စ်ကားတစီးရှိရာကို လမ်းလျှောက်လာပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့တာကြောင့် ၁၄ ယောက်သေဆုံးပြီး ၈ ယောက် ဒဏ်ရာရခဲ့တဲ့ အကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

တာလီဘန်အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ချက်ချင်းပဲ ကြေညာပါတယ်။ သေဆုံးသူတွေထဲမှာတော့ ကဘူးလ်မြို့တော်က ကနေဒါသံရုံး လုံခြုံရေး တာဝန်ယူထားတဲ့ ကုမ္ပဏီတခုက နီပေါနိုင်ငံသား လုံခြုံရေးအစောင့် တချို့ ပါဝင်ပါတယ်။

ဒီဘက်စ်ကားပေါ်မှာ လိုက်ပါသွားတဲ့ နောက်ထပ် နီပေါ နိုင်ငံသား ၅ ဦးဟာလည်း တခြား အာဖဂန်နိုင်ငံသား လေးဦးနဲ့အတူ ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအပြီး နာရီပိုင်းအတွင်းမှာပဲ မြို့ရဲ့ နောက်ထပ် နေရာတခုမှာ လက်နက်ကိုင်သူပုန်တွေက လမ်းဘေးထောင်ဗုံးခွဲ တိုက်ခိုက် တာကြောင့် ဒေသဆိုင်ရာကောင်စီဝင်တဦး သူ့ရဲ့သက်တော်စောင့် နှစ်ဦးနဲ့ အတူ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒါဟာ အကြမ်းဖက်ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေ ဖြစ်တဲ့အကြောင်း အာဖဂန်အစိုးရ အဖွဲ့ အကြီးအကဲ Abdullah Abdullah က ပြစ်တင် ရှုတ်ချပါတယ်။ ဒီအတောအတွင်း အရှေ့မြောက်ပိုင်း Badakhshan ခရိုင်မှာတော့ လူအသွားအလာ ရှုပ်ထွေးချိန် ဈေးတခုအတွင်း ဖောက်ခွဲ တိုက်ခိုက်ခံရတာမှာ လူ ၁၀ ယောက်ထက်မနည်း သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့တဲ့အကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG