သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ဆန္ဒပြပွဲ ဗုံးကွဲ ၈၀ ကျော်သေ


အာဖဂန်နစ္စတန်နိုင်ငံ Kabul မြို့မှာ စနေနေ့က လူစုလူဝေးနဲ့ ဆန္ဒပြနေချိန် ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၈၀ သေဆုံးပြီး ၂၃၁ ယောက် ဒဏ်ရာတွေ ရခဲ့တဲ့ တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း IS စစ်သွေးကြွအဖွဲ့က ပြောဆိုလိုက်ပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို အသေခံဗုံးခွဲသမား ၃ ဦးက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနကြေညာချက်မှာ ပြောဆိုပါ တယ်။ တိုက်ခိုက်သူ ၁ ယောက်က ဆန္ဒပြသူလူအုပ်ကြား သူ့ကိုယ်သူ ဖောက်ခွဲခဲ့ပြီး၊ နောက်တဦးကတော့ သူ့ဘာသာ မတော်တဆ ဗုံးပေါက်ကွဲ သေဆုံးသွားသလို၊ တတိယမြောက်တဦးကတော့ - ဆန္ဒပြလူအုပ်ကြီးကို စောင့်ကြပ်ပေးတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အသေပစခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

IS စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွယ်တဲ့ အင်တာနက်ဝပ်ဆိုဒ်တခုမှာတော့ တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း ပြောဆိုထားတာပါ။ IS စစ်သွေးကြွအဖွဲ့ကို နှိမ်နင်းနေတဲ့ ဆီးရီးယားအစိုးရနဲ့ ပူးပေါင်းတာကို ရပ်ဆိုင်းဖို့ ရှီယာမူဆလင် အများစုဖြစ်တဲ့ အာဖဂန်က Hazaras မျိုးနွယ်စုကို သတိပေးဖို့ ရည်ရွယ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ပြောဆိုထားပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေနဲ့ လေ့လာသုံးသပ်သူတွေကတော့ - အီရန်အစိုးရဟာ - နိုင်ငံတွင်းမှာ ခိုလှုံနေကြတဲ့ ခန့်မှန်းချေ အာဖဂန်ဒုက္ခသည် ၃ သန်းထဲက အမျိုးသားတွေကို လျှို့ဝှက်စုဆောင်း သင်တန်းပေးပြီး - အစိုးရတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်ဖို့ သူတို့ကို ဆီးရီးယားနိုင်ငံဆီ စေလွှတ်နေတယ်လို့ စွပ်စွဲထားပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း - ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတခုအဖြစ် ရှုတ်ချခဲ့ပြီး၊ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဟာ ပိုပြီးတော့ စက်ဆုပ်ရွံရှာစရာကောင်းတယ်လို့လည်း အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။

အာဖဂန်ဆန္ဒပြပွဲ ဗုံးကွဲ ၈၀ ကျော်သေ
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG