သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ဆိုင်ရာ နိုင်ငံတကာညီလာခံ ဂျာမဏီမှာကျင်းပ


အာဖဂန်ဆိုင်ရာ နိုင်ငံတကာညီလာခံ ဂျာမဏီမှာကျင်းပ
အာဖဂန်ဆိုင်ရာ နိုင်ငံတကာညီလာခံ ဂျာမဏီမှာကျင်းပ

အမေရိကန်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံကို အကူအညီပေးဖို့ အဆင်သင့်ရှိနေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ အာဖဂန်နစ္စတန်နိုင်ငံ ဘက်ကလည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဆက်ပြီးတော့ လုပ်ဆောင်ရမှာဖြစ်သလို နိုင်ငံရဲ့ လုံခြုံရေးကို တာဝန်ခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် တရားဥပဒေကို အခြေပြုတဲ့ ဒီမိုကရေစီစနစ်ကို တည်ဆောက်ရမယ်လို့ သူမက ပြောပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံရဲ့ အနာဂတ်အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ တနင်္လာနေ့ ဂျာမဏီနိုင်ငံ ဘွန်းမြို့မှာ ကျင်းပတဲ့ညီလာခံမှာ ဝန်ကြီးကလင်တန်က အခုလို ပြောဆိုလိုက်တာပါ။

နေတိုး တပ်ဖွဲ့ဝင်တွေ အာဖဂန်နစ္စတန်ကနေ ၂၀၁၄ ခုနှစ်မှာ ရုပ်သိမ်းသွားပြီးတဲ့နောက် အာဖဂန် နစ္စတန်နိုင်ငံဟာ ၁၀ စုနှစ် တစ်ခုလောက် နိုင်ငံတကာရဲ့ အကူအညီကို လိုအပ်နေဆဲဖြစ်လိမ့်မယ်လို့ အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ ဟာမစ်ခါဇိုင်းက ပြောဆိုလိုက်ပါတယ်။ နိုင်ငံပေါင်း ၈၀ ကျော်က တက်ရောက်လာတဲ့ ကိုယ်စားလှယ်တော်တွေဟာ ၂၀၁၄ ခုနှစ် နိုင်ငံတကာတပ်ဖွဲ့တွေ အာဖဂန်နစ္စတန်က ရုပ်သိမ်းသွားပြီးတဲ့နောက်ပိုင်း ဖြစ်ပေါ်လာမယ့်အနေအထားကို အာရုံစိုက် ဆွေးနွေးနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်း နေတိုးတပ်ဖွဲ့ဝင်တွေရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုကြောင့် ပါကစ္စတန် တပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံးခဲ့မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ အဲဒီအစည်းအဝေးကို ပါကစ္စတန်က သပိတ်မှောက်ခဲ့ပါတယ်။ ဒီညီလာခံကြီးမှာ အဓိကထားပြီး ဆွေးနွေးဖို့ရှိတဲ့ အချက်သုံးခုကတော့ နိုင်ငံတကာ တပ်ဖွဲ့တွေက တိုင်းပြည်ရဲ့ လုံခြုံရေးကို အာဖဂန်နစ္စတန် တပ်ဖွဲ့ရဲ့ လက်ထဲကို လွှဲပြောင်းပေးရေး၊ တာလီဘန်အဖွဲ့နဲ့ ပြန်လည် ရင်ကြားစေ့ရေး၊ ရေရှည်နိုင်ငံတကာ အကူအညီတွေကို ဆက်လက် ပံ့ပိုးရေး စတာတွေ ပါဝင်ပါတယ်။

ညီလာခံအဖွင့်နေ့မှာ အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်းက ပြန်လည် စည်းလုံးညီညွတ်ရေး ကြိုးပမ်းမှုမှာ ပါကစ္စတန်ဘက်က အားတက်သရော မရှိတဲ့အတွက် ပြစ်တင်ဝေဖန်လိုက်ပါတယ်။

XS
SM
MD
LG