သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ရွေးကောက်ပွဲနေ့ အကြမ်းဖက်မှု လူ ၁၄ ဦးသေဆုံး


Rocket ဒုံးလက်နက်နဲ့ ပစ်ခတ်မှုတွေ၊ ဗုံးခွဲတိုက်ခိုက်မှုတွေရှိခဲ့ပေမဲ့ အာဖဂန်နစ္စတန် လွှတ်တော်ရွေးကောက်ပွဲမှာ အာဖဂန်ပြည်သူတွေ မဲပေးခဲ့ကြပါတယ်။ ဒီရွေးကောက်ပွဲဟာ တာလီဘန်တွေကို ခြေမှုန်းရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အဓိက စမ်းသပ်မှုတခုလို့ မြင်နိုင်ပါတယ်။

နိုင်ငံတဝန်း ရွေးကောက်ပွဲနဲ့ ဆက်နွယ်နေတဲ့ တိုက်ခိုက်မှုတွေအတွင်း အရပ်သား ၁၁ ယောက်နဲ့ ရဲအရာရှိ ၃ ယောက် သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။ ရွေးကောက်ပွဲမှာ မဲလာပေးသူ အရေအတွက်နည်းတယ်လို့ အာဖဂန်တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမဲ့ ခြိမ်းခြောက်မှုတွေကြားက မဲလာပေးကြသူတွေကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Ban Ki Moon ရော၊ အာဖဂန်နစ္စတန်က နေတိုးတပ်များရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒေးဗစ် ပက်ထရေးယပ်စ် (David Petraeus) ကပါ ချီးကျူးခဲ့ပါတယ်။

ရွေးကောက်ပွဲနေ့ တိုက်ခိုက်မှုတွေအတွင်း မြောက်ပိုင်း Baghlan ပြည်နယ်၊ အရှေ့ပိုင်း Kunar ပြည်နယ်၊ မြောက်ပိုင်း Takhar ပြည်နယ်တွေမှာ Rocket ဒုံးလက်နက်တွေနဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

မဲရုံတွေ မဖွင့်ခင်မှာကို မြို့တော်ထဲမှာ Rocket ဒုံးကျည်တခု ကျခဲ့ပါတယ်။ မဲရုံပေါင်း ၅,၈၀၀ ထဲက ၉၂% ဖွင့်လှစ် မဲပေးနိုင်ခဲ့ကြတယ်လို့ အာဖဂန် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ Fazel Ahmad Manawi က ပြောပါတယ်။

မဲပေးပွဲအတွင်း မဲ မသမာမှုတွေရှိတယ်ဆိုတဲ့ တိုင်ကြားမှုတွေကိုလဲရရှိတယ်လို့ ရွေးကောက်ပွဲ ဆိုင်ရာ တိုင်ကြားရေးကော်မရှင်က ပြောပါတယ်။ တိုင်ကြားမှုတွေထဲမှာ မဲရုံတွေကို နောက်ကျ ပြီးမှ ဖွင့်လှစ်တာ၊ မဲဆန္ဒရှင်မှတ်ပုံတင်ကဒ်ပြားတွေကို အလွဲသုံးစားလုပ်တာ၊ မဲပေးခွင့် မရှိသူ တွေ မဲပေးတာ၊ မဲပြားတွေ အလုံအလောက်မရှိတာ၊ ထပ်ခါတလဲလဲ မဲပေးကြတာမျိုး မဖြစ် အောင်ကာကွယ်တဲ့ ဆေးမင်အရည်အသွေးညံ့တာ စတဲ့ တိုင်ကြားမှုတွေကို ရရှိတယ်လို့ ကော်မရှင်ကပြောပါတယ်။

XS
SM
MD
LG