သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ဆေးရုံ မှားယွင်းပြီး ဗုံးကြဲတိုက်ခိုက်မိကြောင်း ကန်စစ်တပ်ဝန်ခံ


အမေရိကန်စစ်တပ် ဗိုလ်ချုပ်ကြီး John Campbell
အမေရိကန်စစ်တပ် ဗိုလ်ချုပ်ကြီး John Campbell

အာဖဂန်နစ္စတန်နိုင်ငံ Kunduz မြို့မှာရှိတဲ့ ဆေးရုံတရုံကို အမေရိကန်တပ်ဖွဲ့တွေက မှားယွင်းပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မိကြောင်း အမေရိကန် စစ်တပ်ထိပ်တန်းအရာရှိကြီးက ပြောကြားလိုက်ပါတယ်။ စနေနေ့က ဖြစ်သွားခဲ့တဲ့ အဲဒီ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၂ ဦး သေဆုံးခဲ့ပါတယ်။

တာလီဘန်သူပုန်တွေက ဆေးရုံထဲကနေ ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် အာဖဂန်စစ်တပ်က အကူအညီ တောင်းတဲ့အတွက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ဖွင့်လှစ်ထားတဲ့ ဆေးရုံကို သူတို့အနေနဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်စစ်တပ် ဗိုလ်ချုပ်ကြီး John Campbell က ဝါရှင်တန်ဒီစီမြို့ ကွန်ဂရက်လွှတ်တော်မှာ ပြုလုပ်တဲ့ ကြားနာပွဲမှာ ထွက်ဆိုသွားပါတယ်။

ဒါပေမဲ့ အမေရိကန် တပ်ဖွဲ့တွေအနေနဲ့ အကူအညီ တောင်းခံမှုကို ပြန်လည် သုံးသပ်ပြီးမှ နာရီဝက်ကြာတဲ့ အဲဒီ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။

လေကြောင်းက ကူညီတိုက်ခိုက်ပေးဖို့အတွက် အမေရိကန်စစ်တပ် အုပ်ချုပ်ရေးပိုင်း အဆင့်ဆင့်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆေးရုံကို မှားယွင်းစွာ ပစ်ခတ်ခဲ့မိကြောင်း၊ အကာကွယ်ပေးရမယ့် ဆေးဘက်ဆိုင်ရာ အဆောက်အဦးတခုကို သူတို့အနေနဲ့ ဘယ်တော့မှ တမင် တိုက်ခိုက်မှာ မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီး Campbell က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်နဲ့ အာဖဂန်အရာရှိတွေက ဆက်လက် စုံစမ်းနေဆဲ ဖြစ်တဲ့အတွက် တခြား အသေးစိတ် အချက်အလက်တွေ ထုတ်ဖော်ပြောဆိုဖို့ အာဖဂန်နိုင်ငံဆိုင်ရာ နေတိုးတပ်ဖွဲ့တွေရဲ့ အကြီးအကဲလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Campbell က ငြင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG