သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်အရှေ့မြောက် မြေပြို မှု လူ ၂,၀၀၀ ပျောက်နေဆဲ


သောကြာနေ့တုန်းက အာဖဂနစ္စတန် အရှေ့မြောက်ပိုင်းမှာ မိုးသည်းထန်ပြီး အကြီးအကျယ်မြေပြိုမှုကြောင့် လူတွေရာနဲ့ချီသေဆုံးပြီး လူ ၂ ထောင်လောက်လည်း ပျောက်ဆုံးနေပါတယ်။ ကယ်ဆယ်ရေးသမားတွေနဲ့ ရာပေါင်းများစွာသော စေတနာ့ဝန်ထမ်းတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပါတယ်။

Badakhshan ခရိုင် အာဂိုမြို့အရှေ့မြောက်ပိုင်း ဝေးလံခေါင်သီတဲ့အရပ်မှာ ရာပေါင်းများစွာသော ဒလဟော ရွာသွန်းတဲ့မိုးကြောင့် ပေ ၃၀ ကျော် လောက်ရှိတဲ့ ရွံ့တွေနဲ့ အပျက်အစီးတွေက ရာပေါင်းများစွာသောအိမ်တွေပေါ် ပြိုကျနေတဲ့ကြားမှာ ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေကြရတာ ဖြစ်ပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနိုင်ရေးနဲ့ ကျန်ရစ်သူတွေကို ရိက္ခာထောက်ပံ့နိုင်ရေးအတွက် အာဖဂန် ရဲတပ်ဖွဲ့ကလည်း ကူညီနေပါတယ်။ Badakhshan ခရိုင်ရဲမှူး ဗိုလ်ချုပ် Faziluddin Hayar က ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

ကျနော်တို့ အနေနဲ့ ဒီဒေသကနေ ရွှေ့ပြောင်းကြသူတွေ အတွက်ကိုပဲ ကူညီပေးနိုင်ပါတယ်။ မြေပြိုလို့ ပိတ်မိပြီး အသက်ဆုံးရှုံးရသူတွေအတွက်ကတော့ ဘာမှ လုပ်ပေးဖို့ မဖြစ်နိုင်ပါဘူး။ သူတို့ကတော့ သေကုန်ကြပါပြီ။ ကျနော်တို့မှာ ရှိတဲ့ အင်အားနဲ့ နောက်ဆုံး ကယ်ဆယ်နိုင်ခဲ့တာကတော့ အသက်ရှင် ကျန်ရစ်သူ ၇ ယောက်နဲ့ သေဆုံး သူ ၃ ယောက်တို့ပဲ ဖြစ်ပါတယ်လို့ ရဲချုပ်က ပြောသွားတာ ဖြစ်ပါတယ်။

အိမ် ၃၀၀ နီးပါးလောက်ပေါ်ကို မြေပြိုကျခဲ့ပြီးနောက် လူ ၂ ထောင်လောက်ဟာ အခုချိန်ထိ သေတယ် ရှင်တယ်ဆိုတာ သဲသဲကွဲကွဲ မပြောနိုင်သေးဘူး ဆိုပြီး ခရိုင် အုပ်ချုပ်ရေးမှူး Shah Waliullah Adeeb က ပြောပါတယ်။

လူ ၃၅၀ သေဆုံးတယ်လို့ ကုလ အရာရှိတွေက အတည်ပြု ပြောကြားပါတယ်။ နောက်ထပ် မြေပြိုကျမှုတွေကို စိုးရိမ်ရတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေအပေါ်မှာ ခြိမ်းခြောက်မှုတွေ ရှိနေသလို အဲဒီဒေသမှာ နေထိုင်ကြတဲ့ ရာပေါင်းများစွာသော လူတွေကိုလည်း နေရာ ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG