အာဖဂန်နစ္စတန်နိုင်ငံမှာ အာဖဂန် စစ်လေယာဉ်မှူးတဦးက ကဘူးလ် (Kabul) မြို့တော်မှာ နိုင်ငံခြား တပ်ဖွဲ့တွေကို ပစ်ခတ်လို့ ညွန့်ပေါင်းတပ်ဖွဲ့ဝင် ၈ ဦးနဲ့ အငှားတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးသွားတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒါဟာ အာဖဂန်စစ်ပွဲ စတင်တဲ့ ၂၀၀၁ ခုနှစ်နောက်ပိုင်း ကြုံရတဲ့ ဒီလို တိုက်ခိုက်မှုတွေထဲမှာ အပြင်းထန်ဆုံး ဖြစ်ပါတယ်။
ကဘူးလ်မြို့တော်မှာရှိတဲ့ အာဖဂန် လေတပ်စခန်းမှာ ဗုဒ္ဓဟူးနေ့က စကားအချေအတင် ဖြစ်ကြပြီး ဝါရင့် လေယာဉ်မှူးတဦးက ပစ်ခတ်ပြီး ညွန့်ပေါင်းတပ်ဖွဲ့ဝင်တွေ သေဆုံးသွားရတာ ဖြစ်ပါတယ်။ အဲဒီလေယာဉ်မှူးလည်း ပစ်ခတ်မှုအတွင်း သေဆုံးသွားပါတယ်။ သူဟာ စစ်ဝတ်စုံ ဝတ်ထားတဲ့ စစ်သွေးကြွဖြစ်တယ် ဆိုတဲ့ တာလီဘန်တို့ရဲ့ အပြောကို ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိတွေက လက်မခံပါဘူး။
သေဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေ ဘယ်နိုင်ငံကဖြစ်တယ် ဆိုတာကို နေတိုး (NATO) က ထုတ်မပြာသေးပါဘူး။
ညွန့်ပေါင်းတပ်ဖွဲ့တွေကို တိုက်ခိုက်မှုတွေ အတော်များများ ရှိခဲ့ပြီး အာဖဂန်စစ်တပ် ဒါမှမဟုတ် အာဖဂန် စစ်ဝတ်စုံ ဝတ်ဆင်သူ တယောက်ယောက်က တိုက်ခိုက်တာတွေ ဖြစ်ပါတယ်။
ဒီလ အစောပိုင်းတုန်းကပဲ ဖာယပ်ဘ် (Faryab) ပြည်နယ်မှာ အာဖဂန် နယ်ခြားစောင့် တပ်ဖွဲ့ဝင် တဦးက အမေရိကန်စစ်သား ၂ ဦးကို ပစ်ခတ်ခဲ့ပါတယ်။
ဖေဖော်ဝါရီလတုန်းကတော့ ဘာ့(ဂ်)လန် (Baghlan) ပြည်နယ်မှာ အာဖဂန် စစ်ယူနီဖောင်း ဝတ်ဆင်ထားသူ တဦးက ဂျာမန်စစ်သား ၃ ဦးကို ပစ်ခတ်ခဲ့ပြီး တခြား ၆ ဦးလည်း သူ့ကြောင့် ဒဏ်ရာရသွားရပါတယ်။
မနှစ် နိုဝင်ဘာကလည်း အာဖဂန် နယ်ခြားစောင့် ရဲတဦးက နိုင်ငံအရှေ့ပိုင်းက လေ့ကျင့် သင်ကြားပေးမှုအတွင်း အမေရိကန် တပ်သား ၆ ဦးကို ပစ်သတ်ခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း နယ်စစ်မှာတော့ အာဖဂန်နဲ့ ပါကစ္စတန် လုံခြုံရေးတပ်တွေ ဟိုဘက်ဒီဘက် အပြန်အလှန် ပစ်ခတ်ကြတယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။ တောင် ဝါဇီရစ္စတန် ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားတဲ့ ဒီတိုက်ပွဲငယ်တွေအတွင်း ပါကစ္စတန်ဘက်က တဦး သေဆုံးသွားပါတယ်။ အာဖဂန် တပ်ဖွဲ့တွေဘက်က စတင်ပစ်ခတ်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။