သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ငြိမ်းချမ်းရေးကောင်စီဝင် လုပ်ကြံခံရ


အာဂန်နစ္စတန်နိုင်ငံမှာ သေနတ်သမားတယောက်က အာဖဂန် ထိပ်တန်း ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းသူတဦးကို တနင်္ဂနွေနေ့က လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်က ဆယ်စုနှစ်ချီ ကြာလာခဲ့ပြီဖြစ်တဲ့ စစ်ပွဲတွေ အဆုံးသတ်ရေး ကြိုးပမ်းမှုတွေ အတွက် ကြီးမားတဲ့ အနှောက်အယှက်ကြီးတခု ဖြစ်စေတယ်လို့ အာဖဂန်အစိုးရ အရာရှိတဦးက ပြောပါတယ်။ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် ၇၀ ထဲက အကြီးတန်းအဖွဲ့ဝင် တဦးဖြစ်တဲ့ Arsala Rahmani ဟာ အလုပ်ကိုအသွား၊ လမ်းအသွားအလာ ပိတ်ဆို့မှုတွေ ဖြစ်နေတဲ့အချိန် အနီးက ကားပေါ်ကနေ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာပါ။

Rahmani ဟာ အာဖဂန်နစ္စတန်မှာ တာလီဘန်အစိုးရ အုပ်ချုပ်ရေးကာလအတွင်း လက်ထောက် ပညာရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းခဲ့သူဖြစ်ပါတယ်။ သူဟာ မကြာသေးခင်ကပဲ အစိုးရနဲ့ ပြန်လည် သင့်မြတ်မှုရယူပြီး စစ်သွေးကြွတွေနဲ့ ဆက်သွယ် ဆက်ဆံမှုတွေ အားကောင်းအောင် တက်တက်ကြွကြွ ကြိုးပမ်းဆောင်ရွက် နေတာဖြစ်ပါတယ်။ အခု တိုက်ခိုက်မှုနဲ့ပတ်သက်လို့ တာလီဘန်တွေက သူတို့လက်ချက် မဟုတ်ကြောင်း ငြင်းထားပါတယ်။

ငြိမ်းချမ်းရေးကောင်စီ အကြီးအကဲ၊ သမ္မတဟောင်း Barhanuddin Rabbani ဟာလည်း ပြီးခဲ့တဲ့နှစ်က အသေခံဗုံးခွဲတိုက်ခိုက်မှုအတွင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Rahmani လုပ်ကြံသတ်ဖြတ်ခံရမှု နဲ့ပတ်သက်လို့ အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်း၊ ပါကစ္စတန်၊ အမေရိကန်နဲ့ နေတိုး နိုင်ငံတကာ ညွှန့်ပေါင်းအဖွဲ့တွေက လုပ်ကြံသူတွေကို ဝေဖန် ပြစ်တင်လိုက်ပါတယ်။ Rahmani သေဆုံးမှုဟာ အာဖဂန်နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲလို့ မစ္စတာ ခါဇိုင်းက ပြောပါတယ်။ အကြမ်းဖက်ဝါဒကို ချေမုန်းတိုက်ဖျက်နိုင်ဖို့ အာဖဂန်နိုင်ငံနဲ့အတူ အနီးကပ် ဆောင်ရွက်သွားမယ်လို့ ပါကစ္စတန်နိုင်ငံကလည်း ပြောပါတယ်။

အာဖဂန် ငြိမ်းချမ်းရေး ကောင်စီဟာ အာဖဂန်နိုင်ငံမှာ ရေရှည်ခံပြီး ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရဖို့ ကြိုးစားနေတာဖြစ်တယ်၊ အမေရိကန် ပြည်ထောင်စုအနေနဲ့လည်း အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးနဲ့ လုံခြုံပြီး သာယာဝပြောတဲ့ အာဖဂန်နိုင်ငံ ဖြစ်လာရေး ကြိုးပမ်းမှုတွေမှာ အာဖဂန်အစိုးရ၊ အာဖဂန်ပြည်သူတွေနဲ့အတူ ရပ်တည်သွားမှာဖြစ်တယ်လို့ ကဘူးမြို့မှာရှိတဲ့ အမေရိကန်သံရုံးကလည်း တနင်္ဂနွေနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG