သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂနစ္စတန်မှာ ယာဉ်တိုက်မှုကြောင့် ၂၀ ကျော် သေဆုံး


အာဖဂနစ္စတန်နိုင်ငံ ယာဉ်တိုက်မှု
အာဖဂနစ္စတန်နိုင်ငံ ယာဉ်တိုက်မှု

အာဖဂနစ္စတန်နိုင်ငံတောင်ပိုင်း Helmand ပြည်နယ်မှာ ဒီကနေ့ ဘတ်စ်ကား၊ ဆီတင်ကားနဲ့ မော်တော်ဆိုင်ကယ်တစင်း တိုက်မိရာက ၂၁ ယောက် သေဆုံးပြီး၊ ၃၈ ယောက် ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတွေက အတည်ပြုလိုက်ပါတယ်။

Grishk ခရိုင်က Herat-Kandahar အဝေးပြေးလမ်းမပေါ်မှာ ဒီကနေ့အစောပိုင်း ခရီးသည်တင် ဘတ်စ်ကားနဲ့ ယာဉ်တိုက်မှု ဖြစ်ခဲ့ကြောင်း ပြည်နယ်အစိုးရ ပြန်ကြားရေးဌာနက X လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ခဲ့တာပါ။ မတော်တဆမှုမှာ ယာဉ်အားလုံးမီးလောင်ခဲ့ကြောင်းလည်း ပြည်နယ်အစိုးရ ပြောခွင့်ရ Mohammad Qasim Riyaz ကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြပါတယ်။

ပြည်နယ်အစိုးရ ပြန်ကြားရေးဌာနက လူမှုကွန်ရက်မှာ ဖြန့်ဝေခဲ့တဲ့ ပုံတွေမှာတော့ အဝေးပြေးလမ်းပေါ်မှာ မီးကျွမ်းနေတဲ့ မော်တော်ယာဉ် အပျက်အစီးတွေနဲ့ ခေါင်းပိုင်းပျက်စီးနေတဲ့ ဆီတင်ကားကိုလည်း တွေ့ရပါတယ်။ ယာဉ်တိုက်မှုမှာ ဒဏ်ရာရသူတွေထဲက ၁၁ ယောက်ကတော့ ဒဏ်ရာပြင်းထန်ပြီး ကျန် ၂၇ ယောက်ကတော့ အနည်းအကျဉ်းသာ ထိခိုက်ခဲ့ကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။

Herat မြို့ကနေ Kabul မြို့တော်ကိုသွားမယ့် ခရီးသည်တင် ဘတ်စ်ကားဟာ မော်တော်ဆိုင်ကယ်နဲ့ ဝင်တိုက်မိပြီး အရှိန်မထိန်းနိုင်ရာက မျက်နှာချင်းဆိုင် မောင်းလာတဲ့ ဆီတင်ကားနဲ့ တိုက်မိတာလို့လည်း ပြောပါတယ်။ ဆိုင်ကယ်စီးလာသူ ၂ ယောက်စလုံးကတော့ သေဆုံးခဲ့တာပါ။ လမ်းပမ်းဆက်သွယ်ရေး ညံ့ပြီး၊ အဝေးပြေးလမ်းတွေမှာ ကားမောင်းကြမ်းတာ၊ လမ်းစည်းကမ်း ထိန်းသိမ်းမှုတွေ အားနည်းတာတွေကြောင့် အာဖဂနစ္စတန်နိုင်ငံမှာ ယာဉ်မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ ရှိတတ်ပါတယ်။

Forum

XS
SM
MD
LG