သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မှာ အရပ်သား သေဆုံးသူ ပိုများလာ

အာဖဂန်နစ္စတန်မှာ ၂၀၁၀ ပထမနှစ်ဝက်မှာ အရပ်သား ပြည်သူ သေဆုံးမှုဟာ ၃၁% များလာတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။ ဒီလို အရပ်သားတွေ သေဆုံးရမှု အများစုက တာလီဘန်တွေနဲ့ တခြား လက်နက်ကိုင် သောင်းကျန်းသူတွေရဲ့ လက်ချက်ကြောင့် ဖြစ်ပါတယ်။

ဒီကနေ့ အင်္ဂါနေ့ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ပဋိပက္ခတွေအတွင်း သေဆုံးသူ အရပ်သား ပြည်သူ ၁,၃၀၀ နဲ့ ဒဏ်ရာရသူ ၂,၀၀၀ ရှိခဲ့ပြီး အများစုဟာ အိမ်လုပ် အဆင့်မြင့်ဗုံးတွေကြောင့် ဖြစ်တယ်လို့ အစီရင်ခံစာမှာ ရေးထားပါတယ်။

သေဆုံးမှု ၇၆% လောက်က တာလီဘန်တွေနဲ့ တခြား သောင်းကျန်းသူ အဖွဲ့တွေရဲ့ လက်ချက်ကြောင့်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ဆိုရင် ၅၃% ပဲ ရှိခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

တချိန်တည်းမှာပဲ နေတိုး တပ်ဖွဲ့ဝင်တွေကြောင့် သေဆုံးတဲ့ အရပ်သား အရေအတွက်က မနှစ်ကထက်ကို ၃ ပုံ ၁ ပုံ ကျဆင်းပြီး ၁၂% ဖြစ်ပါတယ်။

ဒီအစီရင်ခံစာဟာ သတိပေးချက်တခု ဖြစ်တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် စတက်ဖန် ဒီ မစ်စ်တူရာ (Staffan de Mistura) က ကဘူးလ်မြို့တော်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပြီး ပဋိပက္ခတွေ အတွင်းမှာ အရပ်သား အများအပြား၊ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးတွေဟာ သေဆုံးနေကြရတယ်လို့ ပြောပါတယ်။

အရပ်သား ပြည်သူတွေ သေဆုံးမှုကို ကာကွယ်ဖို့ ပူးပေါင်းတပ်တွေက ဆက်ပြီး ကြိုးစားသွားရမယ်လို့ အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန်နဲ့ နေတိုးတပ်များရဲ့ တပ်မှူးကြီး ဗိုလ်ချုပ်ကြီး ဒေးဗစ် ပက်ထရီယပ်စ် (David Petraeus) က ပြောပါတယ်။

This item is part of
XS
SM
MD
LG