အာဖဂန်နစ္စတန်နိုင်ငံမှာ လက်ရှိ ရှိနေတဲ့ အမေရိကန် တပ်ဖွဲ့အင်အား ၉,၈၀၀ ကို အခုနှစ်ကုန်အထိ ဒီအတိုင်း ဆက်လက် ထားရှိသွားမယ်လို့ အမေရိကန် သမ္မတ Barack Obama က ပြောကြားလိုက်ပါတယ်။ အစောပိုင်းတုန်းကတော့ အခုနှစ်ကုန်ပိုင်းမှာ အဲဒီတပ်ဖွဲ့အင်အားရဲ့ ထက်ဝက်ကိုသာ ထားရှိဖို့ သမ္မတ အိုဘားမားက ဆုံးဖြတ်ထားတာပါ။
အာဖဂန်နစ္စတန်နိုင်ငံဟာ အန္တရာယ်တွေများတဲ့ တိုင်းပြည်အဖြစ် ရှိနေသေးကြောင်း၊ သောင်းကျန်းသူတွေကလည်း အရပ်သားတွေအပေါ် သူရဲဘောကြောင်တဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ်နေသေးကြောင်း အာဖဂန်သမ္မတ Ashraf Ghani နဲ့အတူ သမ္မတ အိမ်ဖြူတော်မှာ အင်္ဂါနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ အိုဘားမားက ပြောပါတယ်။
အာဖဂန်နိုင်ငံအတွင်း အမေရိကန်တပ်ဖွဲ့တွေ လက်ရှိ ရရှိထားတဲ့ အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းထားဖို့ အမေရိကန်အနေနဲ့ သံဓိဌာန် ချထားကြောင်းလည်း သမ္မတ အိုဘားမားက ပြောပါတယ်။ အမေရိကန် တပ်ဖွဲ့တွေအနေနဲ့ အာဖဂန်တပ်တွေကို အကြံပေးလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်သလို ပစ်မှတ်ထား ဆောင်ရွက်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းတွေကိုလည်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
အာဖဂန်မှာရှိတဲ့ အမေရိကန် တပ်ဖွဲ့အင်အားကို အခုနှစ်ကုန်ပိုင်းမှာ ၅,၅၀၀ အထိ လျော့ချသွားပြီး သူရာထူးက အနားယူတဲ့ ၂၀၁၇ ခုနှစ်မှာ အဲဒီထက် ထပ်လျော့ဖို့ သမ္မတ အိုဘားမားက အစောပိုင်းက ပြောထားတာ ဖြစ်ပါတယ်။ တပ်ဖွဲ့အင်အား ဘယ်တော့ လျော့ချမယ်ဆိုတဲ့ အချိန်ဇယားကို အခုနှစ်နှောင်းပိုင်းမှာ ပြန်လည် ဆုံးဖြတ်မှာဖြစ်ပြီး တပ်ဖွဲ့တွေ အပြီးသတ် ရုပ်သိမ်းမယ့်ရက်ကတော့ အရင်အတိုင်းပဲ ရှိနေမယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
အမေရိကန်တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းမယ့်ရက်ကို အခုလို နောက်ဆုတ်ပေးလိုက်တဲ့အတွက် အမေရိကန် တပ်ဖွဲ့တွေ တကယ် ပြန်ရုပ်သိမ်းတဲ့အချိန် သူတို့ဖက်က အဆင်သင့်ဖြစ်အောင် အာဖဂန်လုံခြုံရေး တပ်ဖွဲ့တွေကို ကြားကာလအတွင်းမှာ ကောင်းမွန်စွာ သင်တန်းပို့ချပေးသွားမှာဖြစ်ကြောင်း အာဖဂန်သမ္မတ Ashraf Ghani က ပြောပါတယ်။