သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်အရပ်သားသေဆုံးမှု ၂၅ ရာခိုင်နှုန်းတိုးလာ


အာဖဂန်နစ္စတန်နိုင်ငံက အကြမ်းဖက် ပဋိပက္ခတွေအတွင်း အရပ်သားသေဆုံးသူ အရေအတွက် လွန်ခဲ့တဲ့နှစ်ကထက် ၂၅ ရာခိုင်နှုန်း ပိုများလာပြီး ဒါဟာ ၂၀၀၉ ခုနှစ်ကစလို့ အမြင့်ဆုံး အနေအထားကို ရောက်လာတာဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေအတွင်း သေဆုံးသူအရပ်သား ၃၇၀၀ လောက်ရှိခဲ့ပြီး ၆၈၀၀ ကျော် ဒဏ်ရာခဲ့ကြတဲ့ထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်အရေအတွက် အတော်များများလည်း ပါဝင်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံမှာ အခြေစိုက်တဲ့ ကုလသမဂ္ဂ အကူအညီပေးရေးမစ်ရှင် (UNAMA) က ပြောပါတယ်။

တိုက်ပွဲတွေအတွင်း လူနေထူထပ်တဲ့နေရာမှာ မော်တာတွေ၊ ရော့ကတ်တွေ၊ လက်ပစ်ဗုံးတွေကို အသုံးပြုခဲ့တာအပြင် အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် အခုလို အရေအတွက် မြင့်တက်လာတယ် ဆိုပြီးတော့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၁၄ ခုနှစ်အတွင်း အာဖဂန်နစ္စတန် လုံခြုံရေးတပ်ဖွဲ့တွေကို နိုင်ငံလုံခြုံရေးတာဝန် အပြည့်အ၀ တာဝန်ယူဖို့ ပြန်လည် လွှဲပြောင်းပေးအပ်တဲ့ နိုင်ငံတကာတပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံတွင်းက ပြည်လည် ထွက်ခွာနေတာဟာလည်း အခုလို သေဆုံးမှုအရေအတွက် မြင့်တက်လာတဲ့ အကြောင်းရင်းတရပ်လည်း ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်အတွင်း အရပ်သားသေဆုံးမှု ၇၂ ရာခိုင်နှုန်းအတွက် တာလီဘန်နဲ့ အခြားစစ်သွေးကြွတွေကို အစီရင်ခံစာက အပစ်ဖို့ထားပြီး ၁၄ ရာခိုင်နှုန်းကတော့ အာဖဂန်နဲ့ နိုင်ငံတကာတပ်ဖွဲ့တွေကြောင့် ဖြစ်ပါတယ်။

XS
SM
MD
LG