သုံးရလွယ်ကူစေသည့် Link များ

အာဖဂန်အစိုးရနဲ့ တာလီဘန်တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ဖို့ မူဘောင်တွေချမှတ်နိုင်ဖို့အတွက် အာဖဂန်နစ္စတန်၊ တရုတ်၊ ပါကစ္စတန်နဲ့ အမေရိကန်ပြည်ထောင်စုတို့က ကိုယ်စားလှယ်တွေ ပါဝင်တဲ့ လေးနိုင်ငံ မျက်နှာစုံညီ တွေ့ဆုံပွဲကို ဇန်န၀ါရီလ ၁၁ ရက်မှာ ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့မှာ ကျင်းပမယ်လို့ သိရပါတယ်။

ဒီလေးနိုင်ငံပါဝင်တဲ့ ကော်မတီဟာ ဆောင်ရွက်မှု အသစ်တစ်ခုဖြစ်ပြီး၊ အရေးပါတဲ့ ရှေ့ခြေတလှမ်းလည်း ဖြစ်တယ်လို့ တာလီဘန်တွေနဲ့ ဆွေးနွေးမှုကို တာဝန်ယူထားတဲ့ အာဖဂန် အဆင့်မြင့် ငြိမ်းချမ်းရေးကောင်စီက ပြောခွင့်ရှိသူ Maulawi Shahzada Shahid က ပြောပါတယ်။

ပထမအကြိမ်ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ဇူလိုင်လက ပါကစ္စတန်နိုင်ငံကပဲ အိမ်ရှင်လုပ်ပြီး ကျင်းပခဲ့ပေမဲ့ တိုက်ခိုက်ရေးသမားတွေရဲ့ အဓိကခေါင်းဆောင် မူလာ အိုမာဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက သေဆုံးသွားပြီဆိုတဲ့ သတင်းထွက်ပေါ်လာတာကြောင့် စေ့စပ်ညှိနှိုင်းမှုတွေ ရပ်တန့်သွားခဲ့ပါတယ်။ တာလီဘန်တွေဟာ သေဆုံးသွားတဲ့ ခေါင်းဆောင်နေရာကို ဘယ်သူအစားဝင်မလဲ ဆိုတာနဲ့ ပက်သက်ပြီး၊ အုပ်စုကွဲသွားတာတွေ ဖြစ်မလာအောင် ဒီသတင်းကို လျှို့ဝှက်ထားခဲ့တာလို့ ဆိုပါတယ်။

ဆွေးနွေးညှိနှိုင်းမှုတွေ အသစ်လုပ်ဖို့ ပြင်ဆင်နေကြချိန်မှာ တာလီဘန်တွေရဲ့ အဆင့်နဲ့ အခြေအနေကို ဘယ်လို သတ်မှတ်မလဲဆိုတာ အမြင်ကွဲပြားနေကြတာကြောင့် လေ့လာသုံးသပ်သူအချို့ ကတော့ အောင်မြင်မှုရမယ့် အလားအလာအပေါ် သံသယရှိနေကြပါတယ်။

XS
SM
MD
LG