သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိက ပဋိပက္ခ အာဖရိကတိုက်သားတွေ ဦးဆောင်ဖြေရှင်းရေး အမေရိကန်ထောက်ခံ


ကန်နိုင်ငံခြားရေးဝန်ကြီး အာဖရိကရောက်။ (မေ ၁၊ ၂၀၁၄)
ကန်နိုင်ငံခြားရေးဝန်ကြီး အာဖရိကရောက်။ (မေ ၁၊ ၂၀၁၄)
အာဖရိကတိုက်မှာ ကြုံနေရတဲ့ အဆိုးရွားဆုံး ပဋိပက္ခတွေကို တိုက်ဖျက်ဖို့ အာဖရိကနိုင်ငံတွေရဲ့ ဦးဆောင်ကြိုးပမ်းမှုတွေကို အမေရိကန်က အားပေးမှာ ဖြစ်တဲ့ အကြောင်း နိုင်ငံခြားရေးဝန်ကြီး John Kerry ကပြောပါတယ်။ Central Africa သမ္မတနိုင်ငံက ရက်စက်လှတဲ့ အကြမ်းဖက်မှုတွေ၊ တောင်ဆူဒန် က အပြန်အလှန် သတ်ဖြတ်မှုတွေကို ဟန့်တားဖို့ ပူးပေါင်းဆောင်ရွက်ရေးဟာ အရေးကြီးတဲ့ အကြောင်းလည်း အီသီယိုပီယားနိုင်ငံရဲ့မြို့တော် Addis Ababa မှာ ကြာသပတေးနေ့က ဝန်ကြီးကယ်ရီ ပြောဆိုခဲ့တာပါ။

ခရစ်ယာန်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် မွတ်ဆလင်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ Central Africa သမ္မတနိုင်ငံက အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ အာဖရိကယူနီယံ ရုံးချုပ်ကို သွားရောက်ခဲ့ပါတယ်။ ကြာသပတေးနေ့ အစောပိုင်းမှာတော့ တောင်ဆူဒန်နိုင်ငံက လနဲ့ချီ ကြာမြင့်နေပြီဖြစ်တဲ့ တိုက်ပွဲတွေ အဆုံးသတ်နိုင်ရေး ဆွေးနွေးဖို့ အီသီယိုပီယား၊ ယူဂန်ဒါနဲ့ ကင်ညာနိုင်ငံခြားရေး ဝန်ကြီးတွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။

နိုင်ငံခြားရေးဝန်ကြီးတွေ အားလုံးကတော့ တောင်ဆူဒန်မှာ တည်ငြိမ်မှုရှိစေဖို့ ဥပဒေနဲ့ညီတဲ့ အင်အားစုတခု လိုအပ်နေတယ်လို့လည်း တညီတညွတ်တည်း သဘောတူခဲ့ကြပါတယ်။ လူပေါင်း ၁ သန်းကျော် ဒုက္ခသည်တွေအဖြစ် ထွက်ပြေးနေရတဲ့ တောင်ဆူဒန် ပဋိပက္ခမှာ တာဝန်ရှိသူတွေအပေါ် ခရီးသွားလာခွင့် ကန့်သတ်ဖို့နဲ့ ဘဏ္ဍာရေးအရ ဒဏ်ခတ် အရေးယူမယ်လို့လည်း အမေရိကန်က သတိပေးထားတာပါ။

နိုင်ဂျီးရီးယားနိုင်ငံမှာ လူပေါင်းထောင်ချီ သေဆုံးမှုမှာ တာဝန်ရှိတယ်လို့ စွပ်စွဲထားတဲ့ အစ္စလာမ် စစ်သွေးကြွတွေနဲ့ ညှိနှိုင်းမှုတွေမှာ ကူညီမယ်လို့လည်း ဝန်ကြီးကယ်ရီကပြောပါတယ်။
XS
SM
MD
LG