လေထိုးထားတဲ့ လှေတွေနဲ့ မြေထဲပင်လယ်ကို ဖြတ်ကျော်ဖို့ ကြိုးပမ်းခဲ့ကြတဲ့ ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေထဲက ၂၀၀ ထက်မနည်း သေဆုံးပြီး၊ ၁၀၀ လောက် ပျောက်ဆုံးနေတဲ့အကြောင်း ကုလသမဂ္ဂက ဒီကနေ့ပဲ အတည်ပြု ပြောဆိုလိုက်ပါတယ်။
အီတလီနိုင်ငံကို ဦးတည်ပြီး အာဖရိက တောင်ပိုင်းဒေသက ရွှေ့ပြောင်းနေထိုင် သူတွေနဲ့ ဒုက္ခသည်တွေ လိုက်ပါလာတဲ့ လှေ ၄ စင်းဟာ စနေနေ့ကပဲ လစ်ဗျားနိုင်ငံက ထွက်ခွာလာခဲ့ကြတာပါ။ လတ်တလော လှေ ၃ စင်းကိုပဲ တွေ့ရှိထားပါတယ်။
လှေတစင်းပေါ်မှာ လိုက်ပါလာတဲ့ လူ ၂၉ ယောက်ကတော့ တနင်္ဂနွေတုန်းက သေဆုံးသွားခဲ့ကြပြီး အီတလီနိုင်ငံပိုင် Lampedusa ကျွန်းကို အရောက်သွားဖို့ ကြိုးစားကြတဲ့သူတွေထဲက ၁၁၀ ကို အီတလီ ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်တင်နိုင်ခဲ့တယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။
ဒါပေမဲ့လည်း နောက်ထပ် လှေ ၂ စင်းပေါ်က လူပေါင်း ၁၁၆ ယောက်အနက် ၉ ယောက်သာ အသက်ရှင်လျက် တွေ့ခဲ့ကြရတာပါ။ ကြေကွဲဖွယ်ရာ ဒီဖြစ်ရပ်ဆိုးကြီးဟာ ပင်လယ်ပြင်ကို အသက်စွန့်ဖြတ်သန်းပြီး ဘေးကင်းလုံခြုံမှု ရှာဖွေသူတွေအတွက် အသက်အန္တရာယ် ကြုံရနိုင်တယ်ဆိုတာ သတိပေးလိုက်တာ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဥရောပဆိုင်ရာ ညွှန်ကြားရေးမှူး Vincent Cochetel က ကြေညာချက်ထဲမှာ ပြောဆိုခဲ့ပါတယ်။
အာဖရိကကမ်းခြေကနေ ၆၅ မိုင်လောက် အကွာမှာရှိတဲ့ အီတလီနိုင်ငံက Lampedusa ကျွန်းဟာ ဥရောပကိုသွားဖို့ ကြိုးပမ်းကြတဲ့ တရားမဝင် ရွှေ့ပြောင်း အခြေချနေထိုင်သူတွေ အဓိက ဦးတည်သွားလာကြတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ အလားတူ ရေကြောင်းခရီးထွက်လာရင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ရွှေ့ပြောင်းနေထိုင်သူ ၂၉ ယောက်ဟာလည်း အအေးလွန်ကဲတဲ့ဒဏ်ကြောင့် သေဆုံးခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်အတွင်း မြေထဲပင်လယ်ကိုဖြတ်ပြီး ဥရောပတိုက်ကို ဝင်ရောက်လာသူပေါင်းဟာ တသိန်း ၇ သောင်းအထိ ရှိခဲ့ပြီး ဒီအထဲက ၄ ပုံ ၁ ပုံကတော့ ဆီးရီးယားနိုင်ငံက ထွက်ပြေးလာသူတွေ ဖြစ်ကြပြီး၊ ခရီးစဉ်အတွင်း သေဆုံးသူ စုစုပေါင်းကတော့ ၃ ထောင်ကျော်အထိ ရှိခဲ့ပါတယ်။