သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုန်းကန်ရင်း ထိုးထွက်နေတဲ့ အာဖရိက


နိုင်ဂျီးရီးယားနိုင်ငံ၊ လာဂို့စ်မြို့တော်တွင် လျှပ်စစ်ဓာတ်အားလိုင်း ကို ပြင်ဆင်နေသည့် တာဝန်ရှိသူတဦး။ ဇူလိုင် ၂၂၊ ၂၀၁၂
နိုင်ဂျီးရီးယားနိုင်ငံ၊ လာဂို့စ်မြို့တော်တွင် လျှပ်စစ်ဓာတ်အားလိုင်း ကို ပြင်ဆင်နေသည့် တာဝန်ရှိသူတဦး။ ဇူလိုင် ၂၂၊ ၂၀၁၂
အာဖရိကတိုက်ဟာ ကမ္ဘာပေါ်က တခြားနိုင်ငံတွေထက်စာရင် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာငွေကြေး အကျပ်အတည်းရဲ့ ရိုက်ခတ်မှုဒဏ်ကို တောင့်ခံထားနိုင်နေပါတယ်။ အာဖရိကနိုင်ငံတွေဟာ အဲဒီအကျပ်အတည်းကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး အခွင့်အလမ်းတွေ ဘယ်လိုရယူနေပါသလည်း၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ နှစ်ပတ်လည် ပူးတွဲအစည်းအဝေးကျင်းပရာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်ကနေ ဗွီအိုအေသတင်းထောက် Steve Herman ပေးပို့ ထားတဲ့ သတင်းဆောင်းပါးကို ဒီသီတင်းပတ်အတွက် စီးပွားရေးကဏ္ဍမှာ တင်ဆက်ထားပါတယ်။

ရှေ့မှာ မရေရာမသေချာမှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိတဲ့အပေါ် စိုးရိမ်ချက်တွေကို အာဖရိကနိုင်ငံတွေရဲ့ ဘဏ္ဍာရေးဝန်ကြီး တွေက ပြောဆိုနေကြချိန်မှာပဲ မြောက်အမေရိကနဲ့ ဥရောပမှာ စီးပွားရေးကျဆင်းနေတာက အာဖရိကနိုင်ငံတွေအတွက် ရင်းနှီး မြှုပ်နှံမှုနဲ့ ငွေချေးယူနိုင်တဲ့ အခွင့်အလန်းတွေ ဖန်တီးပေးနေတယ်ဆိုတာကိုလည်း သူတို့က အသိအမှတ်ပြု ပြောဆိုပါတယ်။

နောက်လာမယ့်ငါးနှစ်အတွင်း အာဖရိကတိုက် နိုင်ငံအများအပြားရဲ့ စီးပွားရေးတိုးတက်မှုဟာ ဂဏန်းနှစ်လုံးထိ ရှိမယ်လို့ ခန့်မှန်းထားကြတာပါ။ အဲဒါကြောင့်လည်း လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲကနေ ဆွဲထုတ်နိုင်အောင် တွန်းအားပေးပြီး အလယ်အလတ်ဝင်ငွေရှိတဲ့ နိုင်ငံတွေရဲ့အဆင့်ရောက်အောင် လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြတာပါ။

အဲဒီလိုနိုင်ငံတွေထဲမှာ တခုကတော့ ရဝမ်ဒါနိုင်ငံပါ။ အာဖရိကနိုင်ငံအစိုးရတွေက တင်ရှိနေတဲ့ ကြွေးမြီတွေကို ဝယ်ယူဖို့ ရင်းနှီး မြှုပ်နှံသူတွေရဲ့စိတ်ဝင်စားမှု တိုးလာနေပြီး တိုးတက်မှုနှုန်း အားကောင်းနေတာကနေ ရဝမ်ဒါနိုင်ငံဟာ အကျိုးအမြတ် ခံစားနေ ရတာပါ။
ရလာတဲ့ငွေတွေကို ပြုပြင် တည်ဆောက်ဖို့ သိပ်ကိုလိုအပ်နေတဲ့ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းတွေမှာ အသုံးပြုမှာပါ။

လွယ်လွယ်နဲ့ ငွေချေးယူနိုင်နေတဲ့ အာဖရိကနိုင်ငံတွေဟာ အကြွေးထောင်ချောက်ထဲမှာ ထပ်ပြီး နစ်လိမ့်ဦးမယ်ဆိုတဲ့ စိုးရိမ် ချက်တွေကို ရဝမ်ဒါဘဏ္ဍာရေးဝန်ကြီး John Rwangombwa က လက်မခံပါဘူး။

“ဒီ အခြေခံအဆောက်အအုံ စီမံကိန်းတွေကနေ ပြန်ရတာက သိပ်ကို မြင့်မားပါတယ်။ ငွေရေးကြေးရေး အကျိုးအမြတ်ဆိုတာကို ထားလိုက်ပါဦး၊ စီးပွားရေးတခုလုံးအပေါ်မှာကိုပဲ ရိုက်ခတ်မှုရှိပါတယ်။ ဒါကြောင့် နက်ရှိုင်းတဲ့ ထောင်ချောက်ထဲကို ပြန်ရောက်သွားနိုင်တဲ့ ဘယ်လိုအလားအလာမျိုးကိုမှ ကျနော်တော့ မမြင်မိပါဘူး။ ကျနော်တို့ရဲ့ အခု လက်ရှိ အကြွေးက အရမ်းကို နည်းပါတယ်။ ဒီနေ့အခါ အနောက်နိုင်ငံတွေရဲ့ အကြွေးက သူတို့ တမျိုးသားလုံး ထုတ်ကုန် တန်ဘိုး GDP ရဲ့ ၂၀၀ ရာခိုင်နှုန်းထိ ရှိနေချိန်မှာ ရဝမ်ဒါနိုင်ငံရဲ့ အကြွေးက GDP ရဲ့ ၂၂ ရာခိုင်နှုန်း ပတ်ဝန်းကျင်လောက်ပဲ ရှိတာပါ။ ဆိုတော့ အလားအလာက အရမ်းကို ကောင်းပါတယ်။”

ထွက်အားကောင်းကောင်းနဲ့ ငွေရှာပေးနေတဲ့ စိန်နဲ့ ယူရေနီယမ်သတ္တုတွင်းတွေအပြင် ကမ်းလွန်ရေနံရှာဖွေရေးပေါ် သိပ်မကြာ သေးခင်ကပဲ ပြည်ပနိုင်ငံတွေက စိတ်ဝင်စားလာကြတဲ့ နမီးဘီးယားနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်ရနေပါတယ်။ ဒါပေမဲ့ လည်း လွန်ခဲ့တဲ့လေးနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအကျပ်အတည်း စတင်ခဲ့ကတည်းကဆိုရင် ပိုငွေပြခဲ့တဲ့ တိုင်းပြည်ရဲ့ ဘဏ္ဍာရေးဟာ ခမ်းခြောက်သွားပါပြီ။

ယူရိုငွေကြေးသုံးစွဲတဲ့ ဥရောပနိုင်ငံတွေမှာ အကျပ်အတည်း ရေရှည်နေတာဟာ နိုင်ငံအတွက် သိပ်ကိုလိုအပ်နေတဲ့ နောက်ထပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ နှောင့်နှေးသွားနိုင်တဲ့အရေးအပေါ် နမီးဘီးယားဘဏ္ဍာရေးဝန်ကြှီုး Saara Kuugongelwa-Amadhila က စိုးရိမ်နေပါတယ်။

“အဲဒီအခြေအနေက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာနိုင်ခြေပေါ်မှာ အနုတ်လက္ခဏာဆောင်ပြီး နက်ရှိုင်းတဲ့သက်ရောက်မှု ရှိပါလိမ့်မယ်။ ဒါပေမဲ့လည်း ကျမတို့နိုင်ငံမှာ လာပြီး ရင်းနှီးမြှုပ်နှံရေး ဆွဲဆောင်နိုင်စွမ်း တိုးတက်ဖို့ အတွက်တော့ ဆက်ပြီး ကြိုးစားသွားမှာပါ။ ငွေကြေးဈေးကွက် ပြုပြင်ပြောင်းလဲရေးနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်တာ၊ ကျွမ်းကျင်မှုအရည်အချင်းတွေ တိုးတက်လာဖို့ ရင်းနှီးမြှုပ်နှံတာ၊ ရင်းနှီးမြှုပ်နှံချင်သူတွေအတွက် အဆင်ပြေ လွယ်ကူစေမယ့် ပတ်ဝန်းကျင်မျိုး တည်ဆောက်ပေးတာ စတာတွေကို ကျမတို့ ဆက်လုပ်သွားမှာပါ။”

နိုင်ငံတကာ စီးပွားရေး ရာသီဥတုဟာ လူတွေရဲ့မျှော်လင့်ချက်ကို ပြည့်မီစေနိုင်တဲ့ထိ လုံလောက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်မလာသေးဘူးဆိုတာကို ဂီနီနိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီး Kerfalla Yansane က သဘောတူပါတယ်။ ဒါပေမဲ့လည်း အခြေခံ အဆောက်အအုံ တည်ဆောက်ရေးဆိုင်ရာ စီမံကိန်းတွေအတွက် လက်တွဲပြီး အကောင်အထည်ဖော်မယ့်သူတွေကို ရှာတဲ့ နေရာမှာနဲ့ စီမံကိန်းတွေအတွက် ချေးငွေရဖို့ကိစ္စတွေနဲ့ပတ်သက်ရင် ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေထဲမှာ ဂီနီ လည်းပါတယ်လို့ သူကပြောပါတယ်။

အခုဆိုရင် တနေရာထဲကနေ ချေးငွေရနိုင်တော့တာမဟုတ် ဘဲ နေရာအများအပြားရှိလာပြီမို့ IMF နဲ့ ကမ္ဘာ့ဘဏ်တို့ပေါ်မှာချည်းပဲ လုံးလုံး မှီခိုနေဖို့ မလိုအပ်တော့ဘူးလို့ ဂီနီဘဏ္ဍာရေး ဝန်ကြီးက (ပြင်သစ်ဘာသာစကားနဲ့) ပြောပါတယ်။ အဲဒီ ငွေကြေးအဖွဲ့အစည်းတွေဟာ တရုတ်၊ အိန္ဒိယနဲ့ တခြားနိုင်ငံတွေရဲ့ ယှဉ်ပြိုင်မှုနဲ့ အခုရင်ဆိုင်နေရပြီလို့ သူကဆိုပါတယ်။

အာဖရိကနိုင်ငံအချင်းချင်းကြားမှာ ကုန်သွယ် ကူးသန်းရောင်းဝယ်ရေး မြှင့်တင်ဖို့ လိုတယ်ဆိုတာကို ပြောကြသူတွေထဲမှာ အခု အာဖရိကသုံးနိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီးတွေတင် မကပါဘူး။

အာဖရိကတိုက်ထဲမှာတင် ကုန်သွယ် ကူးသန်းရောင်းဝယ်နိုင်ရေးမှာ အဓိက အတားအဆီးကြီးတခုကတော့ သယ်ယူပို့ဆောင် ရေးကွန်ယက် အားနည်းတဲ့ကိစ္စပါ။ နိုင်ငံတခုကနေ တခုဆီ ယုံကြည် စိတ်ချရပြီး လျင်မြန်တဲ့နှုန်းနဲ့ ကုန်ပစ္စည်းတွေကို ပမာဏ အများအပြား သယ်ယူပို့ဆောင်နိုင်စွမ်း အားနည်းတာပါ။

တိုးတက်ပြီး ဘက်ပေါင်းစုံ ချိတ်ဆက် ပေါင်းစည်းထားတဲ့ အခြေခံအဆောက်အအုံတွေဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အကျပ်အတည်းကြောင့် တက်လိုက်ကျလိုက်နဲ့ ငွေကျေးအကုန်အကျများလှတဲ့ မတည်မငြိမ်အခြေအနေကို သူတို့ဒေသ အနေနဲ့ ပိုပြီးတော့တောင်မှ အားကောင်းမောင်းသန် ရင်ဆိုင်ဖို့ရာ အထောက်အကူဖြစ်စေလိမ့်မယ်ဆိုတာ အာဖရိက ခေါင်းဆောင်တွေက သဘောတူထားကြပါကြောင်း တင်ပြရင်း ဒီသီတင်းပတ်အတွက် စီးပွားရေးအစီအစဉ်ကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG