သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိကမှာ အမေရိကန်ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မည်


အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဖရိကတိုက်တွင်း ဒေါ်လာ ၃၃ ဘီလီယံတန်ဖိုး ရင်းနှီးမြှုပ်နှံမှုသစ်နဲ့အတူ အာဖရိကနိုင်ငံတွေနဲ့ ရေရှည် ပူးပေါင်းလုပ်ဆောင်ဖို့ ပိုင်းဖြတ်ထားတယ်လို့ သမ္မတအိုဘားမားက ပြောလိုက်ပါတယ်။ အခုလို ရင်းနှီးမြှုပ်နှံမှုသစ်တွေနဲ့ ငွေကြေးဆိုင်ရာ အကူအညီတွေဟာ အာဖရိကန်တွေရော အမေရိကန်တွေအတွက်ပါ အလုပ်အကိုင်သစ်တွေ ဖြစ်လာစေလိမ့်မယ်လို့ သမ္မတအိုဘားမားက အင်္ဂါနေ့ ဝါရှင်တန်ဒီစီမှာလုပ်တဲ့ အမေရိကန်-အာဖရိက စီးပွားရေးဖော်ရမ်မှာ ပြောဆိုသွားတာပါ။

အမေရိကန် စီးပွားရေးကုမ္ပဏီတွေဟာ အာဖရိကမှာ ရင်းနှီးလုပ်ကိုင်ဖို့ ကြေညာနေကြပါပြီ။ အာဖရိကတိုက်ရဲ့ စွမ်းအင်လုပ်ငန်းတွေမှာ Blackstone ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုရှိသလို၊ Coca-Cola ဟာလည်း အာဖရိက လူမှုအသိုင်းအဝိုင်းတွေအကြား ရေသန့်ရရှိရေး လက်တွဲ ဆောင်ရွက်သွားဖို့ ရှိပါတယ်။

GE ကလည်း အာဖရိကတိုက်ရဲ့ လမ်းပန်းဆက်သွယ် တည်ဆောက်ရေးလုပ်ငန်းတွေမှာ ကူညီဖို့ရှိသလို၊ Marriott ဆိုရင်လည်း ဟိုတယ်သစ်တွေ တည်ဆောက်သွားဖို့ ရှိပါတယ် ဆိုပြီး သမ္မတ အိုဘားမားက ပြောသွားတာပါ။ အမေရိကန်ပြည်ထောင်စုဟာ အာဖရိကတိုက်မှာရှိတဲ့ ပေါကြွယ်လှတဲ့ သဘာ၀ အရင်းအမြစ်တွေကိုပဲ စိတ်ဝင်စားတာ မဟုတ်ဘူးလို့လည်း သမ္မတ အိုဘားမားက အလေးပေး ပြောခဲ့ပါတယ်။

လက်ရှိအားဖြင့် အာဖရိကတိုက်ဟာ အမေရိကန် ကုန်သွယ်ရေးတစုံလုံးရဲ့ အစိတ်အပိုင်းငယ်ပဲ ရှိသေးတယ်လို့ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။ ဒါကြောင့် ကုန်သွယ်ရေးလုပ်ငန်းတွေ ပိုပြီး လုပ်ဆောင်သွားရမယ်လို့ ပြောပါတယ်။ ဝါရှင်တန်ဒီစီမှာ သုံးရက်ကြာပြုလုပ်နေတဲ့ အမေရိကန်-အာဖရိက ထိပ်သီး အစည်းအဝေးတွေကို အခု ဗုဒ္ဓဟူးနေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။

XS
SM
MD
LG