မနေ့ကကျင်းပတဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဂျာမနီက အာဂျင်တီးနားကို ၁ ဂိုး ဂိုးမရှိနဲ့ အချိန်ပိုကစားပြီး အနိုင်ရရှိသွားပါတယ်။ အချိန်ပို ၁၁၃ မှာ ဒုတိယပိုင်းကျမှ လူစားဝင်လာတဲ့ ဂျာမနီရှေ့တန်းလူ Gotze က ရင်ဘတ်နဲ့ ထိန်းပြီး မြေမကျဘောလုံးကို ကန်သွင်းသွားတဲ့ အတွက် ဂျာမနီက အနိုင်ရသွားတာပါ။
ဂျာမနီပရိသတ်တွေ ပျော်ရွှင်ပြီး အောင်ပွဲခံနေပေမဲ့ အာဂျင်တီးနားနိုင်ငံရဲ့ မြို့တော် ဘူနို အဲ(Buenos Aires) မှာတော့ ဘောလုံးပွဲရှုံးတဲ့အတွက် ပြဿနာ ရှာသူတချို့နဲ့ ရဲတပ်ဖွဲ့တို့အကြား ထိခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ အစပိုင်းမှာတော့ အေးအေးချမ်းချမ်း စုစည်းစတင်ခဲ့ကြတဲ့ ဒီစုဝေးမှုဟာ နောက်ပိုင်းမှာ လူငယ်တွေနဲ့ ရဲတွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ ကျောက်ခဲတွေ နဲ့ ပစ်ခဲ့တဲ့ လူအုပ်ကို ရဲတပ်ဖွဲ့ကလည်း မျက်ရည်ယိုဗုံးတွေ သုံးပြီး ဖြိုခွဲခဲ့ပါတယ်။ ဒီလို တိုက်ခိုက်မှု ကြောင့် ရဲ အရာရှိ ၁၅ ဦး ဒဏ်ရာရပြီး လူ အယောက် ၅၀ ကျော် ကိုလည်း ဖမ်းဆီးထားပါတယ်။