သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသင်္ဘောသား ၄၂ဦးပါတဲ့ ရုရှားငါးဖမ်း သင်္ဘော နစ်မြုပ်


နှစ်မြုပ် ရုရှားငါးဖမ်းသင်္ဘော ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်။ (ဧပြီ ၂၊ ၂၀၁၅)
နှစ်မြုပ် ရုရှားငါးဖမ်းသင်္ဘော ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်။ (ဧပြီ ၂၊ ၂၀၁၅)

ရုရှားနိုင်ငံ အရှေ့ဖျားဒေသက Okhotsk ပင်လယ်ပြင်မှာ မြန်မာနိုင်ငံသား အများအပြား လိုက်ပါသွားတဲ့ ရုရှား ငါးဖမ်းသင်္ဘောတစင်း နစ်မြုပ်ခဲ့တဲ့အတွက် လူ ၅၆ ယောက် သေဆုံးသွားပါတယ်။ သင်္ဘောပေါ်မှာ မြန်မာနိုင်ငံသား ၄၂ ယောက် လိုက်ပါသွားပေမဲ့ ထိခိုက်သေဆုံးမှု အတိအကျကိုတော့ မသိရသေးပါဘူး။ ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ်အနီးက အေးခဲနေတဲ့ ပင်လယ်ပြင်မှာ Dalniy Vostok လို့အမည်ပေးထားတဲ့ ငါးဖမ်းသင်္ဘောပေါ်က လူပေါင်း ၁၃၂ ယောက်အနက် ၆၃ ယောက်ကို ကယ်ဆယ် နိုင်ခဲ့တဲ့အကြောင်း အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။

ရုရှား နှစ်မြုပ်ငါးဖမ်းသင်္ဘော
ရုရှား နှစ်မြုပ်ငါးဖမ်းသင်္ဘော

လူ၁၃ ယောက်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ရေခဲမှတ်နီးပါး အထိ အေးခဲနေတဲ့ ပင်လယ်ပြင်မှာ ၁၅ မိနစ်လောက်အတွင်း သင်္ဘော နစ်မြုပ်ခဲ့တာပါ။ အပြင်းအထန် ဒဏ်ရာရသူတွေကိုတော့ သင်္ဘောနစ်မြုပ်ရာ နေရာကနေမြောက်ဖက် ၁၅၅ မိုင်လောက် အကွာမှာရှိတဲ့ Magadan မြို့ကို လေကြောင်းကနေ ပို့ဆောင်ပေးခဲ့ရပါတယ်။ အရေးပေါ် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာတော့ ဒေသခံ ငါးဖမ်းသင်္ဘော ၁၄ စင်း ပါဝင်ကူညီနေကြတာပါ။

နစ်မြုပ်သွားတဲ့ ငါးဖမ်းသင်္ဘောမှာတော့ ရုရှားနိုင်ငံသား ၇၈၊ မြန်မာနိုင်ငံသား ၄၂ ယောက်အပြင် ယူကရိန်း၊ Latvia နဲ့ Vanuatu နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား ၅၄ ယောက်လည်း ပါဝင်တယ်လို့ ရုရှားတာဝန်ရှိသူတွေကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြပါတယ်။ စုံစမ်းစစ်ဆေးသူတွေကတော့ သင်္ဘောဟာ ရေအောက်က အရာတခုခုကို တိုက်မိပုံ ရတယ်လို့ ခန့်မှန်းနေကြပေမဲ့ နစ်မြုပ်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး။

၂၀၁၁ ခုနှစ်မှာတုန်းက ရုရှားနိုင်ငံ Volga မြစ်ထဲမှာ ကမ္ဘာလှည့်ခရီးသွားတွေ လိုက်ပါလာတဲ့ သင်္ဘောတစင်း နစ်မြုပ်ခဲ့ရာက လူပေါင်း ၁၃၀ နီးပါး သေဆုံးခဲ့တဲ့အတွက် ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့ပြီးနောက် အဆိုးရွားဆုံး မတော်တဆမှုတခုဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG