သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြောင်းလဲတော့မယ့် မြန်မာ့လယ်ယာမြေ ဥပဒေ


လယ်ယာကဏ္ဍအတွက် ဥပဒေကြမ်းတရပ်ကို စက်တင်ဘာလထဲ လွှတ်တော်မှာ ဆွေးနွေး အတည်ပြုလိုက်ပါတယ်။

စက်တင်ဘာ ၂၆၊ ၂၀၁၁-မြန်မာ့လယ်ယာကဏ္ဍမှာ အပြောင်းအလဲတွေ လုပ်သွားမယ့် ဥပဒေမူကြမ်း တရပ်ကို လွှတ်တော်မှာ အတည်ပြု လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အဓိက စီးပွားရေး လုပ်ငန်းအဖြစ် လုပ်ကိုင်နေတဲ့ လယ်ယာကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှု တချို့ လုပ်ဆောင်မယ့် ဥပဒေကြမ်း တရပ်ကို ကျင်းပနေဆဲ လွှတ်တော်တွင်းမှာ အတည်ပြုလိုက်ပါတယ်။ အရင်အစိုးရ အဆက်ဆက်မှာ လယ်မြေတွေ အသိမ်းခံရလို့ မကျေမနပ် ဖြစ်သံတွေ ကြားနေရတဲ့ တချိန်တည်းမှာပဲ ဥပဒေကြမ်း ထွက်ပေါ်လာတာပါ။ အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းကြောင့် လယ်သမားတွေရဲ့ ဘ၀တွေ အာမခံချက် ရကြတော့မှာလား ဆိုတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် လယ်ယာမြေ ဥပဒေကြမ်းကို စက်တင်ဘာလ တတိယပတ်ထဲ နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော်တွင်းမှာ ဆွေးနွေး အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ရှိနှင့်ပြီးသား ဥပဒေအရ လယ်သမားတွေ လယ်လုပ်ကိုင်ခွင့်သာ ရှိနေတာကို အခု ဥပဒေသစ်က လယ်ယာမြေ အားလုံးဖြစ်စေ၊ တစိတ်တပိုင်းကိုဖြစ်စေ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ လွှဲပြောင်းခွင့်နဲ့ အငှားချခွင့်တွေကို ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ အမွေဆက်ခံခွင့်လည်း ရှိမှာဖြစ်ပေမဲ့ အငြင်းပွားစရာ ကိစ္စဖြစ်လာရင်တော့ တည်ဆဲဥပဒေတွေနဲ့ သက်ဆိုင်ရာ တရားရုံးက စီရင်ဆုံးဖြတ်ဖို့ကိုလည်း ထည့်သွင်းထားတာပါ။ ပေါင်နှံမှုတွေ လုပ်တဲ့နေရာမှာတော့ အစိုးရ အသိအမှတ်ပြု ဘဏ်တခုခု၊ ဒါမှမဟုတ်ရင်လည်း အဖွဲ့အစည်းတခုခုနဲ့ လုပ်ဆောင်ဖို့ ဥပဒေကြမ်းက ပြဌာန်းထားပါတယ်။

ဒါပေမဲ့လည်း လယ်သမားတွေ လယ်မြေတွေ ပိုင်ဆိုင်ခွင့် ရဖို့ကတော့ အခုဥပဒေထဲမှာ ပါမလာနိုင်ခဲ့ဘူးလို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီရဲ့ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ပြောပါတယ်။
“လယ်လုပ်သူ လယ်ပိုင်ခွင့် ဆိုတာကို အစကတည်းက တင်ထားတာတွေ ရှိတယ်ဗျ။ လွှတ်တော်မှာ မေးခွန်းတွေ မေးတာတွေ ရှိတယ်။ ဒါပေမဲ့ အဲဒီအဆိုက ပယ်ချခံရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရဲ့မူက ဒီလို လယ်လုပ်သူကို လယ်ပိုင်ခွင့် ပေးလိုက်မယ်ဆိုရင် မြေရှင်ယာရှင်လက်ထဲ လယ်တွေက ရောက်သွားမယ်၊ နောက်ဆုံး အရင်းရှင်စနစ်ပဲ ပြန်ကြီးစိုးသွားမယ်၊ လယ်သမားတွေက အကုန်လုံး လယ်ကူလီ ဘ၀ကို ရောက်သွားမယ် ဆိုပြီးတော့ ပြောထားတဲ့အတွက် အဲဒီကိစ္စကို ဒီမှာ ပြန်မတင်တော့ဘူးခင်ဗျ။”

အရင်စစ်အစိုးရလက်ထက် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး တာဝန်ယူခဲ့သူ၊ အခုအခါ ဧရာဝတီတိုင်း ဟင်္သာတ မဲဆန္ဒနယ်မြေရဲ့ လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်လာတဲ့ ဦးဋ္ဌေးဦး က ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေကို အစားထိုးဖို့ အဆိုပြုရာမှာတော့ လယ်သမားတွေရဲ့ ဘ၀အာမခံချက်ကို ဖြည့်ဆည်းပေးဖို့၊ လယ်ယာမြေ အငြင်းပွားမှု ပြဿနာတွေ လျော့ပါးစေဖို့ ရည်ရွယ်ထားတဲ့ကြောင်း ပြောဆိုထားတာပါ။

ဒါပေမဲ့လည်း လယ်ယာမြေတွေကို နိုင်ငံတော်ကသာ ပိုင်ဆိုင်တယ်လို့ အစိုးရ အဆက်ဆက်က ဥပဒေတွေမှာ ပြဋ္ဌာန်းထားတာမို့ လယ်သမားတွေရဲ့ မြေယာတွေကို အာဏာပိုင်တွေက အကြောင်းအမျိုးမျိုးနဲ့ သိမ်းယူတာတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းထဲမှာ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ကစလို့ အသိမ်းခံခဲ့ရတဲ့ လယ်မြေတွေ ပြန်ရနိုင်ရေး တောင်းဆိုခဲ့တာကိုတော့ အရင်အစိုးရ လက်ထက်က လုပ်ရပ်အဖြစ် တာဝန်မယူနိုင်ကြောင်း ပြောဆိုပြီး ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ က မကြာသေးခင်ကပဲ ပယ်ချခဲ့တာပါ။

လယ်ယာမြေတွေ သိမ်းဆည်းခံခဲ့ရတဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့က တောင်သူတွေ ဆိုရင်လည်း သူတို့ကြုံနေရတဲ့ အခက်အခဲတွေကြောင့် စက်တင်ဘာလထဲမှာပဲ အာဏာပိုင်တွေကို ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။ လယ်မဲ့ယာမဲ့ဘ၀မှာ အခက်အခဲတွေ ကြုံနေရလို့ အစိုးရသစ် လက်ထက်မှာ ဆုံးရှုံးခဲ့တဲ့ လယ်မြေတွေ ပြန်ရလေမလား ကြိုးပမ်းခဲ့ကြတာလို့ ဆန္ဒပြလယ်သမား တယောက်က ပြောပါတယ်။
“ကျနော်တို့ လယ်မြေတွေကို ၂၀၀၀ ခုနှစ်လောက်ကနေ စပြီးတော့ သိမ်းသွားတာပေါ့။ ကျနော်တို့ လယ်တွေ တောတွေ အသိမ်းခံရတဲ့ အခါကျတော့ အကုန်လုံး တောင်ပေါ်တက်ပြီးတော့ သီဟိုဠ်ပင်တွေ ဘာတွေ စိုက်ကြတယ်။ နောက်သီဟိုဠ်ပင် စိုက်ထားပြန်တော့လည်း အမှတ် (၁) လေကြောင်းရန် ကာကွယ်ရေးတပ်က တခါလာသိမ်းသွားပြန်ရော။ အဲဒါတခါ ပါသွားပြန်ရော။ အဲဒီတော့ တော်တော်လေး အလုပ်လက်မဲ့ဖြစ်ပြီးတော့ ဆင်းဆင်းရဲရဲနဲ့ ကသီကရီ ဒုက္ခရောက်နေတဲ့ လူတွေက များတာပေါ့။ အရင်တုန်းကတော့ ကျနော်တို့တွေမှာ လယ်တွေ၊ အုန်းခင်းတွေ၊ သီးပင်နှံပင်တွေနဲ့ အေးအေးချမ်းချမ်း နေခဲ့တဲ့ ဘ၀တွေပေါ့။ သူတို့က အကုန်လုံး သိမ်းလိုက်တဲ့အခါကြတော့ ကျနော်တို့ တောတက်ပြီးတော့ အလုပ်လုပ်စားနေရတဲ့ လူတွေ ဖြစ်ကုန်တာပေါ့။ ကျနော်တို့ ဘိုးစဉ်ဘောင်ဆက်က လုပ်ကိုင်စားသောက်လာတဲ့ လယ်မြေတွေ အကုန်လုံး သိမ်းသွားပြီဆိုတော့ ကျနော်တို့မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး။”

၂၀၁၁ ခုနှစ် လယ်ယာမြေဥပဒေကြမ်းမှာတော့ လယ်ယာမြေတွေကို အဓမ္မသိမ်းယူခွင့် မရှိသလို၊ နိုင်ငံတော် စီမံကိန်းတွေအတွက် သိမ်းယူတဲ့ အခါမှာလည်း သမ္မတရဲ့ အမိန့်နဲ့ ဖြစ်ရမယ်လို့ ထည့်သွင်းထားပါတယ်။ ဒီလိုပဲ လယ်ယာမြေတွေကို သိမ်းယူတဲ့ နေရာမှာ သက်ဆိုင်ရာ လယ်သမားတွေကို နစ်နာကြေး ပေးသွားဖို့ အဆိုပြုချက်ထဲမှာ ထည့်သွင်းထားပေမဲ့ အရင်က အတွေ့အကြုံတွေအရ လုံလောက်မှု မရှိတဲ့အတွက် နစ်နာကြေးဆိုတဲ့ စကားအစား ထိုက်သင့်တဲ့ နစ်နာကြေးအဖြစ် အထူးပြုသုံးနှုန်းဖို့ ရှမ်းပြည်နယ် မိုင်းရယ်လ် မဲဆန္ဒနယ်မြေက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော် ကအကြံပြုခဲ့တဲ့အတွက် ပြင်ဆင်ခဲ့တာပါ။

ဒါပေမဲ့လည်း တခြားကိုယ်စားလှယ်တွေက အရေးကြီးတယ်လို့ ယုံကြည်ထားကြတဲ့ အဆိုပြုချက် အတော်များများကတော့ ပယ်ချခံခဲ့ရတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ပြောပါတယ်။
“ဥပမာ ဆိုပါတော့၊ မိုင်းရယ်လ် မဲဆန္ဒနယ်မြေက ဦးစိုင်းသီဟကျော် တင်ပြတဲ့ လယ်ယာမြေပေါ်တွင် လုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ မိမိနှစ်သက်သော အသီးအနှံများကို လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ခွင့်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို သူကဖြည့်စွက်ဖို့ တင်ပြတယ်ဗျ။ အဲဒါကို ၀န်ကြီးက နိုင်ငံတော် အနေနဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ အဓိကကျတဲ့ သီးနှံတွေကို၊ စက်မှုသီးနှံတွေပေါ့၊ အဲဒါတွေကို စိုက်ပျိုးရတဲ့အတွက် ဒီတင်ပြချက်ဟာ မဖြစ်နိုင်ဘူး ဆိုပြီးတော့ ပယ်လိုက်တာပေါ့။ အဲဒီလို ဥပဒေမျိုးတွေကကြတော့ ပြည်သူတွေက တကယ်တမ်း လိုလားတယ်။ ဥပမာဗျာ၊ ကျနော်တို့ ရခိုင်ပြည်မှာဆိုရင် သကြားစက်ရှိတုန်းက ကြံစိုက်ခိုင်းတယ်ပေါ့။ ကြံစိုက်ပေမဲ့ ကြံက မအောင်မြင်တာရှိတယ်၊ နောက်ပြီးတော့ စက်ရုံက ဈေးကောင်းမပေးတာရှိတယ်။ နောက်ပိုင်း ၀ယ်တောင် မ၀ယ်တော့ဘူး။ ကြံစိုက်သမားတွေ တော်တော်ဘ၀ပျက်သွားတယ်ပေါ့။ အဲဒီလိုမျိုး ကိုယ်ကြိုက်နှစ်သက်တဲ့ သီးနှံတွေကို မစိုက်ရတာက တော်တော့ကို ဆိုးတယ်ဗျ။ ဒါမျိုး တနိုင်ငံလုံးမှာ အနှံ့အပြားရှိပါတယ်။ ဒီလိုဖြစ်နေတဲ့အတွက် ဒီဥပဒေဟာ လိုအပ်တယ်လို့ ကျနော်တို့ကမြင်တယ်။”

အစိုးရရဲ့အကြီးအကဲ သမ္မတဦးသိန်းစိန် အတွက် စီးပွားရေးအကြံပေးအဖွဲ့မှာ ဦးဆောင်နေတဲ့ ဦးမြင့် ကတော့ တိုင်းပြည်မှာ စီးပွားရေး တိုးတက်ဖို့နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် မြေယာပြုပြင်ပြောင်းလဲရေး လုပ်ငန်းမှာ အဓိကကျတဲ့အကြောင်း ပြောဆိုထားတာပါ။ မြန်မာနိုင်ငံမှာ လယ်သမားတွေ လယ်ပိုင်ဆိုင်ခွင့်မရှိပဲ လုပ်ကိုင်ခွင့်သာ ရှိနေတဲ့အတွက် လယ်သမားတွေရဲ့ အခွင့်အရေးတွေ မဆုံးရှုံးရလေအောင် အိမ်နီးချင်း တိုင်းပြည်တွေမှာလို အကာအကွယ်ပေးသွားဖို့ လိုမယ်လို့ မေလထဲ နေပြည်တော်မှာ ကျင်းပတဲ့ ဆင်းရဲနွမ်းပါးမှု လျော့ပါးရေး ဆွေးနွေးပွဲကို တင်သွင်းတဲ့ စာတမ်းတစောင်မှာ ဖော်ပြခဲ့တာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG