မြန်မာနိုင်ငံအစိုးရ ပညာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အဝေးသင်တက္ကသိုလ်တွေကို အသိအမှတ် မပြုတဲ့သဘော အစိုးရတာဝန်ရှိသူတွေဘက်က ပြောဆိုမှုကို AHRC အာရှလူ့အခွင့်အရေးကော်မရှင်က ကန့်ကွက်လိုက်ပါတယ်။
ပညာရေးဥပဒေ ပြင်ဆင် ရေးဆွဲရေးအတွက် ဆန္ဒပြတောင်းဆိုမှုတွေမှာ ပါဝင်မှုနဲ့ ဖမ်းဆီးခံထားရသူတွေထဲမှာ ပါဝင်တဲ့ အဝေးသင်တက္ကသိုလ် ကျောင်းသားတွေဟာ ကျောင်းသား မဟုတ်ဘူးလို့ အစိုးရတာဝန်ရှိသူတွေက ပြောဆိုခဲ့တဲ့အပေါ် AHRC က ကန့်ကွက်လိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အရ စီးပွားရေးအခြေအနေ၊ ငွေကြေးအခြေအနေနဲ့ ပထဝီအနေအထားအရ သွားလာရေး ခက်ခဲမှုတွေ ရှိနေကြတဲ့ ကျောင်းသားတွေအတွက် အဆင်ပြေအောင် လုပ်ဆောင်တဲ့အနေနဲ့ အဝေးသင် ပညာရေးစနစ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စတင် ဖွင့်လှစ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပညာရေးဥပဒေပြင်ဆင်ရေးဆွဲရေးအတွက် ငြိမ်းချမ်းစွာ ဆောင်းဆို ဆန္ဒပြကြတဲ့ ကျောင်းသားတွေကို မတ်လ ၁၀ ရက်နေ့က ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အတွင်းမှာ ဖမ်းဆီး ထိန်းသိမ်းလိုက်တဲ့အထဲမှာပါတဲ့ အဝေးသင်တက္ကသိုလ် ကျောင်းသားတွေဟာ ကျောင်းသားမဟုတ်ဘူးလို့ အစိုးရ တာဝန်ရှိသူတွေဘက်က ပြောဆိုလိုက်တဲ့အပေါ် AHRC အာရှ လူ့အခွင့်အရေးကော်မရှင်က ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်ခြင်းဖြစ်ကြောင်း AHRCH က ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။
“ဒီပညာရေးဥပဒေမူကြမ်းကို ပြင်ဆင်ဖို့အတွက် ဆန္ဒထုတ်ဖော်ကြတဲ့အခါမှာ ကျနော်တို့ အဝေးသင်တက္ကသိုလ် ကျောင်းသားတွေလည်း ပါတယ်။ ဝန်းရံတဲ့သူတွေထဲမှာလည်း အဝေးသင်တက္ကသိုလ် စာပေးစာယူတက်နေတဲ့ ကျောင်းသားတွေ တော်တော်များများလည်း ပါပါတယ်။ အဲဒါတွေကို ကျောင်းသူကျောင်းသားတွေအဖြစ် မသတ်မှတ်ဘူးလို့ အစိုးရအာဏာပိုင်တွေ ကိုယ်တိုင်က ထုတ်ဖော်ပြောဆိုခြင်းဟာ ကျနော်တို့ တက္ကသိုလ်ဝန်ကြီးဌာနအောက်မှာရှိတဲ့ စာပေးစာယူ အဝေးသင်ဌာနကို လုံး၀ အသိအမှတ်မပြုတဲ့ သဘောမျိုးဖြစ်နေတဲ့အတွက် ဒါတွေဟာ မဖြစ်သင့်ဘူးဆိုပြီးတော့ ကျနော်တို့ ဒီကနေ့ ကြေညာချက်ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။ ဒီအဝေးသင်တက္ကသိုလ်ပညာ စာပေးစာယူသင်တန်းနဲ့ ကျောင်းပြီးကြတဲ့သူ တော်တော်များများ ရှိတယ်ဆိုတာကို မနေ့က ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ကိုယ်တိုင်ပြောသွားတဲ့ အထဲမှာလည်း ပါပါတယ်။”
ပညာရေးဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် ဦးဆောင်ဆန္ဒပြတဲ့သူတွေဟာ ကျောင်းသားမဟုတ်ဘဲ အပြင်လူတွေ ဖြစ်တယ်ဆိုတာကို ပြသချင်တဲ့အတွက် အစိုးရဘက်က အဲဒီလို ပြောဆိုခြင်း ဖြစ်နိုင်တယ်လို့ ဦးမင်းလွင်ဦးက ဆက်ပြောပါတယ်။
“ကျောင်းသားဆိုတာကိုလည်း ကျောင်းသားလို့ သတ်မှတ်သင့်တယ်။ နောက်ပြီးတော့ ကျနော်ဆိုလိုတာက ဝန်းရံတဲ့သူတွေထဲမှာလည်း တက္ကသိုလ် စာပေးစာယူ အဝေးသင်သင်တန်း တက်နေတဲ့သူတွေလည်းပါတယ်။ ဒါတွေကိုလည်း ကျောင်းသားလို့ ကျနော်တို့က သတ်မှတ်ရမှာ ဖြစ်တယ်။ အဲတော့ ဒီ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ပွဲတွေမှာ ဦးဆောင်တဲ့သူတွေက လက်ရှိ တက္ကိသိုလ်တွေမှာ တက်ရောက် သင်ကြားနေကြတဲ့သူတွေ မဟုတ်ဘူးဆိုတာကို အာဏာပိုင်တွေက လက်ညှိုးထိုးပြောချင်တဲ့အတွက် ဒီလိုမျိုးကျောင်းသားမဟုတ်ဘူး ဆိုတဲ့အချက်ကို ထုတ်ဖော် ပြောဆိုလာတာဖြစ်တယ်။”
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနဲ့ ဆန့်ကျင်ပြီး ဖမ်းဆီးထားတဲ့ ကျောင်းသူလေးတွေကို လက်ထိပ်ခတ် ရုံးထုတ်လာတာကို ကြည့်ခြင်းအားဖြင့် ဒီအမှုဟာ ဥပဒေလမ်းကြောင်းအတိုင်း မျှမျှတတ တရားစီရင်မှုမျိုး ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ ထင်ဟပ် ပေါ်လွင်နေတယ်လို့ ဦးမင်းလွင်ဦးက ဆက်ပြောပါတယ်။
“ကျနော်တို့ ဒီ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေမှာလည်း ပါတယ်။ ရဲလက်စွဲဥပဒေမှာလည်းပါတယ်။ ဒီအမှုစွဲတင်ရုံနဲ့ စွဲတင်ခံရတဲ့သူတွေကို အပြစ်ရှိတယ်လို့ ကျနော်တို့ သတ်မှတ်လို့ မရပါဘူး။ ဥပဒေမှာ အတိအလင်း ဆိုပြထားတာက စွပ်စွဲခံရသူ အဆင့်မှာပဲ ရှိပါတယ်။ အဲဒီလိုလူတွေကို ရုံးထုတ်တယ်ဆိုရင် စောစောက အမျိုးသမီးများဆိုရင် လက်ထိပ်ခတ်ခြင်း၊ ကြိုးဖြင့်ချည်ခြင်း စတာတွေ မလုပ်ရပါဘူး။ လုံခြုံရေးအနေနဲ့ ရဲမေတွေကနေ အတူပူးတွဲပြီးတော့ ခေါ်ဆောင်လာရမှာဖြစ်တယ်။ အဲတော့ အခု ကျနော်တို့ ကျောင်းသူကျောင်းသားတွေကို လက်ထိပ်ခတ်ပြီးတော့ ရုံးထုတ်တယ်ဆိုတဲ့ကိစ္စက တော်တော်ကြီးကို ဆိုးဆိုးရွားရွား ဖြစ်တယ်ဆိုတာကို ကျနော်တို့ပြောချင်တယ်။ ဥပဒေပြဌာန်းချက်တွေ မည်သို့ပင်ရှိစေကာမူ ငါတို့လုပ်ချင်ရင် လုပ်လို့ရတယ်ဆိုတဲ့ သဘောမျိုး ဆောင်နေတယ်ဆိုတာကို ကျနော်တို့ မြင်ရတယ်။ ဒါတွေဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် မကောင်းတဲ့ အလားအလာတွေ ဖြစ်တယ်လို့ပဲ ကျနော်တို့ ပြောချင်ပါတယ်။ စွပ်စွဲခံရတဲ့သူတွေကို တရားရုံးတင် စစ်ဆေးတဲ့အခါမှာလည်း တရားရုံးအနေနဲ့ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်တွေကိုပဲ လိုက်နာ ဆောင်ရွက်နေရဦးမယ်ဆိုတာကို ကျနော်တို့ ယခင်ဖြစ်ခဲ့ဖူးတဲ့ အမှုတွေအရ သိနေရတာဖြစ်တယ်။ လွတ်လပ်တဲ့ တရားစီရင်ရေး မဖြစ်နိုင်ဘူးဆိုတာကို ကျနော်တို့ အာရှလူ့အခွင့်အရေးကော်မရှင်က ပြောနိုင်ပါတယ်။”
ဖမ်းဆီခံထားရတဲ့ ကျောင်းသူ၊ ကျောင်းသား ၇၀ ကို ဧပြီလ ၇ ရက်နေ့က ရုံးထုတ် စစ်ဆေးခဲ့ပြီး အမှုကို ဧပြီလ ၉ ရက်၊ ဒီကနေ့မှာ ပြန်လည် စစ်ဆေးဖို့အတွက် အမိန့်ချလိုက်ပါတယ်။ ဒီအတောအတွင်း ပညာရေးဥပဒေ ပြင်ဆင်ရေး တောင်းဆို ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ ဗကသ အဖွဲ့ဝင်တွေကို အာဏာပိုင်တွေက ဖမ်းဝရမ်းထုတ်ပြီး လိုက်လံ ဖမ်းဆီးနေတာမှာ မနေ့ ဗုဒ္ဓဟူးနေ့ကတော့ ဗကသ ကျောင်းသူ မပိုပို (ခေါ်) မရတနာဆုပိုပိုင်ကို သံလျင်မြို့နယ်အတွင်းမှာ ဖမ်းဆီးပြီး အခု ကမာရွတ်မြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
မပိုပိုကို ပုဒ်မ ၁၄၃ - ဥပဒေနှင့်ဆန်ကျင်သော အစုအဝေးတွင် ပါဝင်မှု၊ ပုဒ်မ ၁၄၅ - ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးကို လူစုခွဲရန် ထုတ်ပြန်ထားသည့်အမိန့်ကို မလိုက်နာမှု၊ ပုဒ်မ ၁၄၇ - ရုန်းရင်းဆန်ခတ်မှု၊ ပုဒ်မ ၅၀၅ (ခ) - နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု စတဲ့ စွဲချက်တွေနဲ့ ဖမ်းဝရမ်း ထုတ်ထားတာ ဖြစ်ပါတယ်။