လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေအောင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံက လက်နက် ရောင်းဝယ်တင်ပို့မှုတွေ အပေါ်မှာ ဖိဖိစီစီး ကိုင်တွယ်ထိန်းချုပ်ခြင်း မရှိဘူးလို့ Amnesty International လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ပြောလိုက်ပါတယ်။
ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်၊ ရုရှားနဲ့ တရုတ်နိုင်ငံတွေမှာ မှတ်ပုံတင်ထားကြတဲ့ လက်နက် သယ်ယူပို့ဆောင်ပေးတဲ့ ကုမ္ပဏီတွေဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နိုင်တဲ့ နိုင်ငံတွေဆီကို သမားရိုးကျ လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေကို ပို့ဆောင်ပေးနေတယ်လို့ ဒီကနေ့ တနင်္လာနေ့ ထုတ်ပြန်တဲ့ Amnesty ရဲ့ အစီရင်ခံစာသစ်ထဲမှာ ဖော်ပြထားပါတယ်။
တောင်ကိုရီးယားထုတ် ဆင့်ကဲ ပေါက်ကွဲစေတဲ့ ဗုံးတွေကို ဗြိတိန်နဲ့ ဂျာမဏီ ကုမ္ပဏီတွေက ပါကစ္စတန်ကို ပို့ဆောင်ပေးနေတယ်လို့ အစီရင်ခံစာထဲမှာ ဥပမာ ပေးထားပါတယ်။ တကယ်တော့ ဗြိတိန်ရော၊ ဂျာမဏီကပါ ဆင့်ကဲ ပေါက်ကွဲစေတဲ့ ဗုံးတွေကို တားမြစ်ရေး စာချုပ်မှာ လက်မှတ်ထိုးထားကြတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်ကလည်း စက်သေနတ် အစိတ်အပိုင်းတွေကို ပြင်သစ်လေကြောင်းနဲ့ ဘူလ်ဂေးရီးယားကနေ ကင်ညာနိုင်ငံဆီကို သယ်ယူ ပို့ပေးခဲ့တယ်လို့လည်း Amnesty က ပြောပါတယ်။ ဒီလက်နက်တွေဟာ ကွန်ဂိုနိုင်ငံက တိုက်ပွဲတွေမှာ သုံးစွဲတဲ့ လက်နက်တွေ ဖြစ်ပါတယ်။
သမားရိုးကျ လက်နက်တွေ ရောင်းဝယ် တင်ပို့ရေးကို ထိန်းချုပ်ဖို့ အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ်သစ်အတွက် ကုလသမဂ္ဂမှာ ဆက်ပြီး ဆွေးနွေးနေကြချိန်မှာ Amnesty International အဖွဲ့ကြီးက အခုလို အစီရင်ခံစာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။