သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိနှိပ်တဲ့ဥပဒေတွေ ပယ်ဖျက်ပေးဖို့ မြန်မာကို AI တိုက်တွန်း


မကြာမီ သက်တမ်းကုန်ဆုံးတော့မယ့် မြန်မာအစိုးရလက်ထက် အတွင်း နိုင်ငံရေး အကျဉ်းသားတွေကို ဆက်လက် ဖမ်းဆီးထားတဲ့ ကိစ္စအပါအဝင် တခြားဖိနှိပ်ချုပ်ခြယ်တဲ့ ဥပဒေတွေ ရှိနေသေးတဲ့အပေါ်နဲ့ စစ်ဖြစ်နေတဲ့ ဒေသတွေမှာ အပြစ်မဲ့ အရပ်သားပြည်သူတွေ အသက်ဆုံးရှုံးနေရတဲ့ ဖြစ်ရပ်တွေအပေါ် Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးအနေနဲ့ စိုးရိမ်ပူပန်ကြောင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာ့အရေး လေ့လာသူတွေကလည်း အဲဒီလို ဖိနှိပ်ချုပ်ခြယ်တဲ့ ဥပဒေတွေ မရှိသင့်တော့ဘူးလို့ ထောက်ပြကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်းတင်ပြပေးထားပါတယ်။

၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ ယေဘုယျအားဖြင့် ကဏ္ဍအသီးသီးမှာ တိုးတက်မှု မရှိခဲ့ဘူးလို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ၂၀၁၅ ခုနှစ်အတွက် ထုတ်ပြန်တဲ့ နှစ်ပတ်လည် လူ့အခွင့်အရေး အစီရင်ခံမှာ ဖော်ပြထားတာပါ။

အထူးသဖြင့်တော့ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက် ဖမ်းဆီးထားတဲ့ကိစ္စနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေ ပိတ်ပင်ခံထားရမှုတွေ ဖြစ်ပေါ်နေတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်း AI အဖွဲ့ရဲ့ အာရှရေးရာ ညွန်ကြားရေးမှူး T Kumar က ပြောပါတယ်။

“မိမိရဲ့ ယုံကြည်ချက်ကြောင့် ငြိမ်းချမ်းစွာ နိုင်ငံရေးလှုပ်ရှားကြသူတွေကို ဆက်လက် ဖမ်းဆီးထားတဲ့အပေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးအနေနဲ့ စိုးရိမ်မိပါတယ်။ ကျနော်တို့အဖွဲ့က တခြား စိုးရိမ်မိတဲ့ အချက်တွေကတော့ ဖိနှိပ်ချုပ်ခြယ်တဲ့ ဥပဒေတွေ တည်ရှိနေတဲ့ကိစ္စ၊ အပြစ်မဲ့ အရပ်သား ပြည်သူလူထုတွေ သတ်ဖြတ်ခံနေရတဲ့ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေက အခြေအနေတွေ၊ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာမူဆလင်တွေရဲ့ အခြေအနေတွေ ပါဝင်ပါတယ်။ ဒါကြောင့်လည်း မြန်မာအစိုးရအနေနဲ့ ဖိနှိပ်ချုပ်ခြယ်တဲ့ ဥပဒေတွေကို ပြန်လည် ရုပ်သိမ်းပေးဖို့၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ငြိမ်းချမ်းစွာ သဘောထား ကွဲလွဲသူတွေအတွက် လမ်းကြောင်းတွေ ဖွင့်ပေးဖို့အတွက် ကျနော်တို့ တောင်းဆိုပါတယ်။”

ဒါ့အပြင် သတင်းမီဒီယာတွေအပေါ် ကန့်သတ်ချုပ်ခြယ်မှုတွေ ရှိနေတဲ့ကိစ္စကိုလည်း AI အဖွဲ့အနေနဲ့ စိုးရိမ်ပူပန်ကြောင်း၊ သတင်းထောက်တွေအနေနဲ့ တိုင်းပြည်အတွင်း ဖြစ်ပေါ်နေတဲ့ သတင်းတွေကို လွတ်လပ်စွာ တင်ပြခွင့် ရှိသင့်ကြောင်းလည်း T Kumar က ပြောပါတယ်။

ဒေါက်တာ စိန်ဝင်းဟာ NCGUB ခေါ် အဝေးရောက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့ တည်ရှိစဉ်က ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်သလို၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်အမတ်ဟောင်းတဦးလည်း ဖြစ်ပါတယ်။ သူက အဲဒီလို ဖိနှိပ်ချယ်တဲ့ ဥပဒေတွေ မရှိသင့်တော့ဘူးလို့ ထောက်ပြ ပြောဆိုပါတယ်။

“တကယ်လို့ AI ကနေ ပြောနေရင် ဒီလို ဒီလို ဖြစ်နေတယ်ဆိုရင် ဒီလို ဒီလို မဟုတ်ပါဘူး။ ဒီလို ဒီလိုပါ ဆိုပြီးတော့ ပြောဖို့တာဝန်ရှိတာက အစိုးရက တာဝန်ရှိတယ်။ တကယ်တမ်းကျတော့ ဒါပေမဲ့လို့ အစိုးရက အခုအချိန်မှာ အပြောင်းအလဲနဲ့ မသိချင်ယောင်ဆောင်နေသလား ဘာလဲတော့ မသိဘူးပေါ့ဗျာ။ ဆိုတော့ ကျနော်တို့အမြင်ကတော့ လွတ်လပ်စွာပြောဆိုခွင့် ကိုယ့်ရဲ့ယုံကြည်ချက်ကို တင်ပြခွင့်၊ ကိုယ်မကြိုက်တဲ့ ဒီဟာကို ကန့်ကွက်ခွင့်၊ ဒါကို ဘယ်လိုမျိုးသော ပုဒ်မတွေတပ်တပ် အကြမ်းဖက်တာတို့ ဖမ်းဆီးတာတို့ဟာ လုံး၀ မဖြစ်သင့်ဘူး။ ဒါ နိုင်ငံရေးအကျဉ်းသားတွေ များလာတာလည်း ဒီအကြောင်းကြောင့် ပါတယ်။ အဲတော့ ဒါတွေဟာ ဆင်ခြင်ဖို့ လိုတယ်လို့ ကျနော် ပြောချင်ပါတယ်။”

ဒါ့အပြင် စစ်ဖြစ်နေတာကို အကြောင်းပြပြီး အရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မကျူးလွန်မိအောင် ရှောင်ရှားသင့်တယ်လို့လည်း ဒေါက်တာစိန်ဝင်းက ပြောပါတယ်။

“တခုရှိတာကတော့ ကျနော်တို့ စစ်တိုက်နေတဲ့အချိန်မှာ အရပ်သားတွေပေါ့ စစ်နဲ့မပတ်သက်တဲ့ သူတွေအပေါ်မှာ အကြမ်းဖက်မှုတွေ အကုန်လုံးပေါ့ ဒါတွေက ရှောင်ရမှာ။ စစ်တိုက်လို့ပေါ့ဗျာ ကျုပ်တို့က ဒါတွေတော့ ချပစ်လိုက်တာပဲ ဒါတွေတော့ လုပ်ထည့်လိုက်တာပဲ ဒီလိုပြောလို့မရဘူး တကယ်တမ်းက။ အဲတော့ စစ်တိုက်လို့ ဒါတွေ ဒါတွေဖြစ်တာပဲဗျာ။ အောက်က ငယ်သားကလုပ်လို့၊ အပေါ်က ဒီစစ်ဗိုလ်ကပဲလုပ်လုပ် အဲ့လိုပြောတာမျိုးကို ကျနော်တို့ လက်ခံလို့မရဘူး။”

AI အဖွဲ့ရဲ့ အာရှရေးရာ ညွန်ကြားရေးမှူး T Kumar ကတော့ နောင်တက်လာမယ့် အစိုးရသစ်အနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူ အားလုံးကို ပြန်လွှတ်ပေးပြီး ဖိနှိပ်ချုပ်ခြယ်တဲ့ ဥပဒေတွေကို ရုပ်သိမ်းပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“မကြာခင်မှာ တိုင်းပြည်အာဏာကို လွဲပြောင်းရယူတော့မယ့် အစိုးရသစ်အနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားသူ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးပြီး ဖိနှိပ်ချုပ်ခြယ်တဲ့ သဘောသဘာဝရှိတဲ့ ဥပဒေတွေ အားလုံးကို ပြန်လည် ရုပ်သိမ်းပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ ဒါ့အပြင် ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ ရှိနေကြတဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံမှုရှိပြီး စားနပ်ရိက္ခာနဲ့ နေထိုင်စရာတွေ ထောက်ပံ့ပေးဖို့၊ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ မရှိတော့အောင် သူတို့ရဲ့ကိစ္စကို အရေးပေါ် အကြောင်းရပ်တခုအဖြစ် အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့အတွက် တောင်းဆိုပါတယ်။”

၂၀၁၅ ခုနှစ်ကုန်ချိန်မှာ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသား ၁၁၄ ယောက် အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲဖြစ်ပြီး အမျိုးသားပညာရေးဥပဒေကို ငြိမ်းငြိမ်းချမ်းချမ်း ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ သူတို့ကို ထောက်ခံသူတွေ ရာပေါင်းများစွာ တရားစွဲခံထားရတာကို AI အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်စေတဲ့ လုပ်ရပ်တွေကို စီးပွားရေးလုပ်ငန်းတွေက ကျူးလွန်တာမျိုး မဖြစ်ရအောင် အကာအကွယ်ပေးဖို့ လုံလောက်တဲ့ တရားဥပဒေ မရှိတာကိုလည်း AI က ထောက်ပြပါတယ်။

လူတွေကို နေအိမ်တွေကနေ အတင်းအဓမ္မ ဖယ်ရှားတာမျိုးကို တားဆီးကန့်သတ်တဲ့ ဥပဒေမျိုး မရှိဘူးလို့လည်း AI က ပြောပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်တွေကို ကန့်သတ်တဲ့ ဥပဒေတွေကို ပြန်သုံးသပ်ဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အကြံပေးတာကို မြန်မာနိုင်ငံက ပယ်ချခဲ့သလို ရိုဟင်ဂျာလူနည်းစုတွေ ခွဲခြားဆက်ဆံခံနေရတယ်ဆိုတာကို အသိအမှတ်ပြု လက်ခံဖို့လည်း ငြင်းပယ်ခဲ့တယ်လို့ AI အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG