သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်ချုပ်ကို Facebook မှာ သရော်မှုနဲ့ အဖမ်းခံထားရသူတွေ လွှတ်ပေးဖို့ AI တောင်းဆို


မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သရော်ထားတဲ့ဓာတ်ပုံတွေကို Facebook မှာ ဖြန့်ဝေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံထားရတဲ့ ကချင်တိုင်းရင်းသား ပက်ထရစ်ကွမ်ဂျာလီကို မနေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ရာမှာ တရားသူကြီးက အာမခံပေးဖို့ ငြင်းပယ်ခဲ့သလို မအူပင်မြို့နယ် တရားရုံးမှာ မနေ့က ရုံးထုတ်စစ်ဆေးခဲ့တဲ့ မချောစန္ဒီထွန်း ကိုလည်း အသရေဖျက်မှုပုဒ်မနဲ့ မြန်မာစစ်တပ်က ထပ်တိုးပြီး တရားစွဲခဲ့ပါတယ်။

သူတို့နှစ်ဦးအပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အလွန်ကို စိုးရိမ်မကင်းဖြစ်မိကြောင်းနဲ့ ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

Telecommunication law ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကချင်တိုင်းရင်းသား ပက်ထရစ်ကွမ်ဂျာလီကို မနေ့က လှိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ရာ အာမခံရဖို့ လျှောက်လှဲခဲ့ပေမဲ့ တရားသူကြီးဘက်က ပယ်ချခဲ့ပါတယ်။ ပထမဆုံးအကြိမ် တရားရုံးထုတ်တာဖြစ်ပြီး၊ စစ်ဆေးမှုတွေ မလုပ်ရသေးတဲ့အတွက် အာမခံပေးဖို့ တရားသူကြီးက ငြင်းဆိုခဲ့ကြောင်း ဇနီးဖြစ်သူ နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်ဆုရ မမေစပယ်ဖြူက ဗွီအိုအေကို ပြောပါတယ်။

“အစိုးရဘက်က ရှေ့နေပေါ့နော်။ ဒါက အာမခံပေးလို့မရတဲ့ အမှုဆိုပြီးတော့ သူကတော့ ကန့်ကွက်တယ်။ ဒါပေမဲ့လည်း ကျမတို့ နားလည်ထားတာကတော့ အာမခံပေးလို့မရတဲ့ အမှုရယ်လို့တော့ မဟုတ်ဘူးပေါ့နော်။ ဥပဒေအရဆိုရင် ထောင်ဒဏ် ၃ နှစ်ထက် ပိုပြီးတော့ ချလို့မရတဲ့ ကိစ္စတွေမှာ အာမခံလျှောက်ထားခွင့်ရှိတယ်လို့ ကျမတို့ အဲ့လို သိထားတယ်ပေါ့။ ပြီးတော့ ဒါက ရာဇဝတ်မှုလည်း မဟုတ်ဘူး။ ထွက်မပြေးပါဘူး။ ရုံးဆင်းချိန်ကိုလည်း မှန်မှန်လာပါမယ်လို့ ကောင်းကောင်းပေါ့လေ အာမခံနိုင်တဲ့ လူတယောက်ဖြစ်တယ်ပေါ့။ ပြီးတော့ တဘက်မှာလည်းပဲ ဆိုးရွားတဲ့ ကျန်းမာရေးအခြေအနေကို အယူခံပြီးတော့ ကျမတို့က တောင်းမှာဖြစ်တဲ့အတွက်ကြောင့် တရားသူကြီးအနေနဲ့ သူ့ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ပြီး ပေးမယ်ဆိုရင်လည်း ပေးလို့ ဥပဒေအရ ဒါက ဥပဒေအရ ညီညွတ်တယ်လို့ ကျမတို့ဘက်ကတော့ အဲ့လို ယူဆတာပေါ့လေ။”

ပက်ထရစ်ကွမ်ဂျာလီအပေါ် မြန်မာစစ်တပ်က စွပ်စွဲချက်တွေ တင်ခဲ့တာဖြစ်ပြီး တရားလိုဖြစ်တဲ့ ဗိုလ်မှူးကြီးရဲ့ နာမည်ကိုလည်း မသိရသေးသလို ရုံးထုတ်ချိန်မှာလည်း လာရောက်ခြင်းမရှိခဲ့ဘူးလို့ မမေစပယ်ဖြူက ပြောပါတယ်။ အခုလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သရော်တဲ့ပုံကို facebook မှာ ဖြန့်ချိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်မယ်ဆိုရင် အဓိပ္ပါယ်မဲ့တဲ့ လုပ်ရပ်ဖြစ်ပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ AI အဖွဲ့ကြီးအနေနဲ့ တောင်းဆိုကြောင်း အာရှပစိဖိတ်ရေးရာ တာဝန်ခံ Olof Blomqvist က ဗွီအိုအေကို အခုလို ပြောပါတယ်။

“အလွန့်ကို စိုးရိမ်စရာကောင်းတဲ့ အမှုပါ။ လူမှုအင်တာနက် ကွန်ယက်စာမျက်နှာဖြစ်တဲ့ Facebook မှာ တစုံတရာကို တင်ရုံနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နိုင်တယ်ဆိုတာ တကယ့်ကို အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ဒါဟာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ချိုးဖောက်တာပါ။ တကယ်လို့များ ပက်ထရစ်ခွန်ဂျာလီကို အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေနဲ့ ထောင်ဒဏ်ချမှတ်ခဲ့မယ်ဆိုရင် သူ့ကို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူအဖြစ် AI အဖွဲ့အနေနဲ့ စဉ်းစားရပါလိမ့်မယ်။ သူ့ကို ချွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးဖို့နဲ့ သူ့အပေါ် စွပ်စွဲချက်တွေအားလုံးကို ရုပ်သိမ်းပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်။”

စွတ်စွဲခံရသူ မချောစန္ဒီ
စွတ်စွဲခံရသူ မချောစန္ဒီ

မြန်မာစစ်တပ်အကြီးအကဲကို သရော်တဲ့ပုံကို Facebook မှာ ဖြန့်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဧရာဝတီတိုင်း မအူပင်မြို့က မချောစန္ဒီထွန်း (ခေါ်) ချစ်သမီးကိုလည်း မနေ့က ရုံးထုတ်ရာမှာ အသရေဖျက်မှု ပုဒ်မ ထပ်ပြီး တိုးခဲ့တယ်လို့ မိခင်ဖြစ်သူက သတင်းထောက်တွေကို ပြောပါတယ်။ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ အခုလို ဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး အခြေအနေတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်မကင်းဖြစ်မိတယ်လို့ Olof Blomqvist က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ Digital နည်းပညာဆိုင်ရာ ဖိနှိပ်မှုကာလကို ရောက်နေပြီလို့တော့ ကျနော်တို့ မျှော်လင့်မထားပါဘူး။ လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူတွေ တဦးနဲ့တဦး အဆက်အသွယ်ပြုဖို့ Facebook ကိုပဲ အများဆုံး အသုံးပြုနေရတဲ့ မြန်မာနိုင်ငံမှာ အာဏာပိုင်တွေအနေနဲ့ အင်တာနက်အွန်လိုင်းနဲ့ လမ်းမတွေပေါ်မှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို မဖြစ်မနေ လေးစားလိုက်နာရမှာ ဖြစ်ပါတယ်။”

တကယ်တော့ ဒီလိုအမှုမျိုးနဲ့ စွဲမယ်ဆိုရင် နစ်နာသူဖြစ်နေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တရားလိုအဖြစ် စွဲဆိုရာမှာဖြစ်တဲ့အတွက် ဥပဒေကြောင်းအရ ပြသနာတွေရှိနေတယ်လို့လည်း လူ့အခွင့်အရေးရှေ့နေတွေက သုံးသပ်ကြပါတယ်။ ဒီနှစ်အစောပိုင်းတုန်းကတော့ စစ်တပ်ခေါင်းဆောင်တွေကို သရော်ထားတဲ့ ဓာတ်ပုံကို facebook မှာ ဖြန့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတဲ့ မုံရွာမြို့က ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးကိုတော့ ရက်အနည်းငယ်ကြာ ထိန်းသိမ်းပြီးနောက် အာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့ပါတယ်။

XS
SM
MD
LG