သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်ပဋိပက္ခ နိုင်ငံတကာအဆင့် စုံစမ်းဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို


မောင်တောက မီးလောင်ခံထားရတဲ့ဈေးတခု၊ ၂၇ အောက်တိုဘာ၊ ၂၀၁၆။
မောင်တောက မီးလောင်ခံထားရတဲ့ဈေးတခု၊ ၂၇ အောက်တိုဘာ၊ ၂၀၁၆။

ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေးချိူးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အမျိုးသားအဆင့် ရခိုင်ပြည်နယ်စုံစမ်းရေးကော်မရှင် သုံးရပ် ရဲ့ တွေ့ရှိချက်တွေဟာ ခိုင်လုံတိကျမှု မရှိကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။

ဒါအပြင် လူ့အခွင့်အရေးစုံစမ်းသူတွေ၊ မှုခင်းစုံစမ်းစစ်ဆေးသူတွေနဲ့ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်မှုမရှိတဲ့ အစိုးရရဲ့ စုံစမ်းရေးကော်မရှင်ရဲ့ စွမ်းရည်အပေါ်မှာ စိတ်ချမှုမရှိကြောင်းလည်း AI ခေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး ပြောပြမှာပါ။

လန်ဒန်အခြေစိုက် AI ခေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ ဒုသမ္မတ ဦးမြင့်ဆွေဦးဆောင်တဲ့ ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေး ကော်မရှင်၊ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်တဲ့ တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ရဲမှူးချုပ် ဝင်းထွန်းဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ စတဲ့ အမျိုးသားအဆင့် ကော်မရှင် သုံးဖွဲ့ရဲ့ ဆောင်ရွက်မှုတွေ သီးခြားလွတ်လပ်မှုမရှိသလို ဘက်လိုက်ပြီး ထိရောက်မှု ဒါမှမဟုတ် ခိုင်လုံမှုမရှိဘူးလို့ ဖေါ်ပြထားပါတယ်။

၂၀၁၆ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင် နယ်ခြားစောင့်ရဲစခန်း သုံးခု အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တဲ့ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သူတို့ဘာသာသူတို့ စုံစမ်းဖို့ အခုလို အမျိုးသားအဆင့် ကော်မရှင်အပါအဝင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ က ကိုယ်ပိုင်စုံစမ်းရေးအဖွဲ့တွေနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

အခုလို စုံစမ်းရေးအဖွဲ့တွေမှာ လူ့အခွင့်အရေးအတွေ့အကြုံရှိတဲ့သူတွေ နဲ့ မှုခင်းဆိုင်ရာ ဆေးပညာ ကျွမ်းကျင်သူတွေ မပါဝင်တာ နောက်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူတွေကို အကူအညီပေးနိုင်မယ့် ကျွမ်းကျင်တဲ့ အမှုထမ်းမျိုး စတာတွေ ပါဝင်မှုမရှိတဲ့အပေါ်မှာ အဓိက စိုးရိမ်မကင်းဖြစ်မိတယ်လို့ AI အဖွဲ့ကြီးကပြောပါတယ်။

နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးကလည်း ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်မှာ နိုင်ငံတကာ ပုဂ္ဂိုလ်တချို့ပါဝင်နေတယ်ဆိုပေမယ့်လည်းသီးခြားလွတ်လပ်ပြီး ယုံကြည်ရတဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ သွားရောက်လေ့လာဖို့ လိုအပ်နေကြောင်း HRW အာရှရေးရာတာဝန်ခံ Brad Adams က အခုလိုပြောပါတယ်။

“ကျနော်တို့အနေနဲ့ ဒီအကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရာမှာ နိုင်ငံတကာက သီးခြားလွတ်လပ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြုလုပ်ဖို့ အစဉ်တစိုက် တောင်းဆိုခဲ့တာဖြစ်ပါတယ်။ မွတ်စလင်အစွန်းရောက်တွေဘက်က ရဲအရာရှိ (၉)ဦးကို သတ်ဖြတ်တာနဲ့ အခြားအစွန်းရောက်တွေရဲ့ ကျူးလွန်မှုတွေအပါအဝင် နှစ်ဖက်စလုံးက ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ဖြစ်ပါတယ်။ အဓိက ကတော့ မြန်မာစစ်တပ်ဖက်ကတုန့်ပြန်တဲ့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ လူ့အခွင့်အရေးကျူးလွန်ချိူးဖောက်မှုတွေ ပိုပြီးတော့ ကြမ်းတမ်းပြီး ကျယ်ပြန့်တဲ့ အပြင် ချိုးဖောက်ခံရတဲ့ အရေအတွက်ကလည်း ပိုများလို့ ဖြစ်ပါတယ်။”

AI အဖွဲ့ကြီးရဲ့ မနေ့က ထုတ်ပြန်ချက်မှာလည်း နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ရခိုင်ပြည်နယ်တွင်း ဝင်ရောက်စုံစမ်းခွင့်ပြုဖို့ လိုအပ်နေကြောင်း မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

ဒါအပြင် အစိုးရရဲ့ ရခိုင်စုံစမ်းရေးကော်မရှင်ဟာ ကွင်းဆင်းလေ့လာရာမှာ အကြမ်းဖက်ခံရသူတွေ၊ သက်သေထွက်ဆိုကြသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို လုံလောက်တဲ့ အကာအကွယ်ပေးခြင်း မရှိတာ၊ တွေ့ဆုံမေးမြန်းခံရသူတွေရဲ့ ဓါတ်ပုံတွေကို သတင်းမီဒီယာတွေမှာ ဖေါ်ပြထားတာ စသဖြင့် ဝေဖန် ထောက်ပြထားပါတယ်။

ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဒု-သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်ရဲ့ ကြေညာချက်မှာ တော့ OHCHR ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ဖေဖေါ်ဝါရီလ (၃)ရက်နေ့ရက်စွဲနဲ့ အစီရင်ခံစာပါ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ဖေဖေါ်ဝါရီလ ၁၀ ရက် ကနေ ၁၇ ရက်နေ့အထိ ကျေးရွာပေါင်း ၂ဝ ကိုသွားရောက် စုံစမ်းစစ်ဆေးခဲ့ကြောင်းဖေါ်ပြထားပါတယ်။ စုံစမ်းစစ်ဆေးမှုအသေးစိတ်ကို အဲဒီ ကြေညာချက်မှာ ဖေါ်ပြထားခြင်းမရှိပေမဲ့ OHCHR စွပ်စွဲချက်တွေနဲ့ ကွဲလွဲမှုတွေရှိနေကြောင်း အစိုးရ စုံစမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးဇော်မြင့်ဖေက သတင်းမီဒီယာကို ပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့တွေရဲ့ စုံစမ်းလေ့လာမှုတွေအရ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်တွေရဲ့ လူ့အခွင့်အရေးချိူးဖောက်မှုတွေဟာ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့တာကို တွေ့ရှိရကြောင်း Brad Adams ကအခုလိုပြောပါတယ်။

“ပြည်နယ်အဆင့်၊ အမျိုးသားအဆင့် ကော်မရှင်အဖွဲ့တွေမှာ စုံစမ်းမှုတွေဟာ လုံးဝမအောင်မြင်တဲ့အတွက် နိုင်ငံတကာအဆင့်နဲ့ စုံစမ်းစစ်ဆေးပြီးတော့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ အမျိုးသားစုံစမ်းရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေဟာ လက်တွေ့ဖြစ်ရပ်နဲ့ပတ်သက်လို့ မကိုက်ညီတဲ့အတွက် မခိုင်လုံပါဘူး။ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၊ AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ OHCHR ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးအပြင် အခြားအဖွဲ့အစည်းတွေ၊ သတင်းထောက်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ လူ့အခွင့်အရေးချိုးဖောက်မှုတွေ စနစ်တကျ ကျူးလွန်မှုတွေရှိနေတယ်ဆိုတာ သိရပါတယ်။”

ဒီအတောအတွင်း မောင်တောခရိုင် လူဖမ်းပြင်ရွာ အနီး သတင်းအရ ရှာဖွေရာမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တဲ့ အမျိုးသားအလောင်း ၁ လောင်းနဲ့ အမျိုးသမီး ၃ ဦးအလောင်းကို တွေ့ရှိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ ဖေစ်ဘုတ်စာမျက်နှာမှာ အင်္ဂါနေ့ ညနေပိုင်းကခေတ္တ ဖေါ်ပြခဲ့ပြီးနောက် ပြန်ပြီးဖြုတ်ခဲ့ပေမယ့် ဒီအမှုနဲ့ပတ်သက်ပြီး စိစစ်နေကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကပြောပါတယ်။

အလားတူ မောင်တောခရိုင်မှာ ရိုဟင်ဂျာမွတ်စလင် ၂ ဦး ဖမ်းဆီးခံထားရစဉ် သေဆုံးမှုနဲ့ပတ်သက်ပြီး အောက်ခြေလုံခြုံရေးတပ် တွေက အထက်အရာရှိတွေကို လိမ်လည် ဖုံးကွယ်ထားမှုကို စစ်ဆေးတွေ့ရှိခဲ့တဲ့ ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာကို လက်ခံရရှိခဲ့ကြောင်း အင်္ဂါနေ့ထုတ် Reuters သတင်းမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG