သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး အရေးကိုင်တွယ်ဖို့ AI သတိပေး


ရွှေ့ပြောင်းအလုပ်သမားတွေကို အင်ဒိုနီးရှားနိုင်ငံပိုင် ပင်လယ်ထဲတွင်တွေ့ရစဉ်။ (မေ၊၂၀၁၅)
ရွှေ့ပြောင်းအလုပ်သမားတွေကို အင်ဒိုနီးရှားနိုင်ငံပိုင် ပင်လယ်ထဲတွင်တွေ့ရစဉ်။ (မေ၊၂၀၁၅)

အရှေ့တောင်အာရှ ဒေသမှာ လူမှောင်ခိုတွေရဲ့ သားကောင်ဖြစ်ကြရတဲ့ အဖြစ်မျိုးတွေ နောက်ထပ် မဖြစ်အောင် သက်ဆိုင်ရာ အစိုးရတွေက ကြိုးပမ်းကြဖို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံက ထွက်ပြေးလာကြတယ်လို့ဆိုတဲ့ ရိုဟင်ဂျာ မူဆလင်တွေ အပါအဝင် လူမှောင်ခိုတွေရဲ့ လက်ထက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အစီရင်ခံစာ ထုတ်ပြန်ရာမှာ အသေးစိတ် ဖော်ပြခဲ့တာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Steve Herman ရဲ့ သတင်းဆောင်းပါးကို အခြေခံပြီး ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

Amnesty International ရဲ့ အစီရင်ခံစာမှာတော့ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေ ပင်လယ်ထဲမှာရော၊ ကုန်းပေါ်မှာပါ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ကိုယ်တိုင် ကြုံခဲ့ရသူတွေကို မေးမြန်း ပြုစုထားတာပါ။ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ ဒီနှစ်ထဲ အရှေ့တောင်အာရှ ပင်လယ်ပြင်မှာ သေဆုံးသူ ၃၇၀ လောက် ရှိမယ်လို့ ဖော်ပြထားပေမဲ့ တကယ်တော့ ဒီထက် ရာဂဏန်းကနေ ထောင်ဂဏန်းလောက်အထိ ပိုများနိုင်တယ်လို့လည်း အစီရင်ခံစာက ခန့်မှန်းပါတယ်။ လန်ဒန် အခြေစိုက် Amnesty International ရဲ့ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ သုတေသီ Anna Shea ကတော့ ပင်လယ်ပြင်မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ မယုံနိုင်လောက်စရာ ဖြစ်ရတယ်လို့ ဆိုပါတယ်။

“ဒီလူတွေအပေါ်သင်္ဘောသားတွေရဲ့ နှိပ်စက်ညှင်းပမ်းမှုတွေဟာ တွေးမကြည့်ဝံ့လောက်အောင်ပါ။ ကျမနဲ့စကားပြောခဲ့ရတဲ့ ကလေးတယောက် ဆိုရင်လည်း နေ့တိုင်း အကြိမ်ကြိမ် အရိုက်ခံခဲ့ရသလို၊ နာရီအတော်ကြာ ပင်လယ်ထဲ ပစ်ချတာလည်း ခံခဲ့ရပါတယ်။ တချို့လည်း ရေနစ်သေကြရသလို၊ တချို့ကတော့ အသက်မသေကျန်ခဲ့ကြပါတယ်။ တကယ့်ကို ဆိုးရွား ပြင်းထန်လွန်းတဲ့ နှိပ်စက်မှုတွေပါ။”

ပွင့်လင်းရာသီ ရောက်လာတာနဲ့အမျှ ဘင်္ဂလားနဲ့ ကပ္ပပီပင်လယ်ပြင်တွေမှာ ရေကြောင်းခရီးထွက်ကြမယ့် ရာသီ စတင်တော့မယ့် အချိန်မှာပဲ Amnesty International ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာတာပါ။ မြန်မာနိုင်ငံက ဖိနှိပ်မှုတွေကြောင့် ထွက်ပြေး လာကြတယ်လို့ဆိုတဲ့ ရိုဟင်ဂျာ မူဆလင် အများအပြားဟာလည်း လူမှောင်ခိုတွေရဲ့ သားကောင်တွေ ဖြစ်ကြရတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။ မုတ်သုန်ရာသီအကုန်မှာ ရေကြောင်းကနေ အလုံးအရင်းနဲ့ ထွက်ခွာတာမျိုး အခုအချိန်အထိ မကြားရသေးပေမဲ့၊ လူရာနဲ့ချီ လိုက်ပါလာတဲ့ စက်လှေ ၂ စင်းကတော့ မကြာသေးခင်ကပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့နဲ့ မြန်မာနိုင်ငံမောင်တောမြို့တွေကနေ မလေးရှားကို ရောက်သွားခဲ့ကြတယ်လို့လည်း နီးစပ်သူ တချို့က ဗွီအိုအေကို ပြောပါတယ်။

ထိုင်းနိုင်ငံကတော့ မလေးရှားနယ်စပ်အနီးက လူမှောင်ခိုသူတွေက ဖွင့်လှစ်ထားတယ်လို့ ယုံကြည်ထားကြတဲ့ တောတွင်း စခန်းတွေမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ နေရာတချို့ကို တွေ့ခဲ့ရပြီးနောက်၊ ဒီနှစ်ထဲမှာပဲ လူမှောင်ခိုဂိုဏ်းတွေကို နှိမ်နင်းမှုတွေ စတင်လုပ်ဆောင်လာခဲ့တာပါ။ ထိုင်းအစိုးရရဲ့ နှိမ်နင်းမှုတွေ နောက်ဆက်တွဲအဖြစ် ရေ့ွှပြောင်းဝင်ရောက်သူ ရာပေါင်းများစွာဟာလည်း လူမှောင်ခိုတွေက ပင်လယ်ပြင်မှာ စက်လှေတွေနဲ့ စွန့်ပစ်တာခံခဲ့ကြရပါတယ်။ လူမှောင်ခိုတွေရဲ့ သားကောင် ဖြစ်ကြရတဲ့သူတွေ အနေနဲ့ ရရာအလုပ်တွေကို ဝင်လုပ်ကြရတဲ့ နေရာမှာလည်း ဖိနှိပ်မှုမျိုးစုံနဲ့ ကြုံခဲ့ရတယ်လို့ Amnesty International အဖွဲ့က သုတေသီ Shea ကပြောပါတယ်။

“စက်လှေပေါ် ပါသွားကြတဲ့သူ တော်တော်များများဟာ လုပ်ခမဆိုသလောက်သာ ရကြသလို၊ တချို့ဆိုရင် ရတောင်မရကြပါဘူး။ သင်္ဘောသားတွေ အနေနဲ့ကတော့ တဘက်တလမ်းက ဝင်ငွေရနေတယ်ဆိုတဲ့ သဘောပါ။ ဒေသတွင်းမှာ အဓမ္မလုပ်အားပေး ခိုင်းစေတဲ့ လူမှောင်ခိုဂိုဏ်းကြီးတခု ရှိနေပါတယ်။ ကျွန်ပြုခိုင်းစေခံရတဲ့ ကိစ္စမျိုးတွေ ရှိနေပြီး၊ ဒါမျိုးတွေကို ထိုင်းငါးဖမ်း လုပ်ငန်းမှာလည်း တခါတရံတွေ့ရတတ်ပါတယ်။”

ရွှေ့ပြောင်းအလုပ်သမားတွေကို အင်ဒိုနီးရှားနိုင်ငံမှာ ကျွန်ပြုစေခိုင်းခံရတာတွေ၊ ထိုင်းနိုင်ငံတောတွင်းစခန်းတွေက အစုလိုက် အပြုံလိုက် မြှုပ်နှံရာနေရာတွေကို တွေ့ခဲ့ရပြီးနောက် မေလနှောင်းပိုင်း ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ညီလာခံမှာတော့ နိုင်ငံပေါင်း ၁၇ နိုင်ငံ ပါဝင်တက်ရောက်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း ဒေသတွင်းနိုင်ငံတွေကြား သဘောတူညီချက် တစုံတရာ မရခဲ့ပဲ၊ ရွှေ့ပြောင်းဝင်ရောက် လာသူတွေကို အခြေချနေထိုင်နိုင်ဖို့ပဲဖြစ်ဖြစ်၊ နေရပ်ရင်း ပြန်ပို့ဖို့ပဲဖြစ်ဖြစ် စီစဉ်ရမယ့် တနှစ်အတွင်း ယာယီလက်ခံထားဖို့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့ကသာ သဘောတူခဲ့ကြပါတယ်။

XS
SM
MD
LG