သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေးအခြေအနေ စိုးရိမ်ရဆဲ AI သုံးသပ်


ကမ္ဘာအနှံ့မှာ ဒုက္ခသည်တွေ တိုးလာနေသလို၊ အဲဒီ ဒုက္ခသည်တွေအတွက် ထောက်ပံ့ကူညီမှုတွေလည်း အားနည်းနေတယ်လို့ Amnesty International နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ထောက်ပြ ဝေဖန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကမ္ဘာအန့ှံ ဒုက္ခသည်တွေဟာ လူဦးရေ ၁၅ သန်းအထိ တိုးများလာတယ်လို့ Amnesty International က ပြောပါတယ်။ ဒါ့အပြင် ဒုက္ခသည် အတော်များများဟာ သူတို့ နိုင်ငံတွင်းမှာပဲ ရွှေ့ပြောင်းတိမ်းရှောင်နေကြရတဲ့ အခြေအနေ ဖြစ်နေတယ်လို့လည်း ဖော်ပြပါတယ်။

ဒီလို ဒုက္ခသည်တွေ တိုးများလာတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့်ဖြစ်ပြီး၊ ဒုက္ခသည်တွေကို လက်ခံထားတဲ့ နိုင်ငံတွေရော နိုင်ငံ အတော်များများကပါ အဲ့ဒီ ဒုက္ခသည်တွေကို လုံလုံလောက်လောက် အကူအညီ မပေးနိုင်ကြဘူးလို့ ဝေဖန်ထားပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံပေါင်း ၁၀၀ ကျော်က ညှဉ်းပမ်းနှိပ်စက်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေအရေး ကိစ္စကိုလည်း မှတ်တမ်းပြုစုထားပါတယ်။ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဖော်ပြချက်မှာတော့ မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီး နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးခဲ့ပေမဲ့ နိုင်ငံရေး လှုပ်ရှားသူ အတော်များများဟာ အကျဉ်းထောင်ထဲမှာ ရှိနေတုန်းပဲလို့ ဖော်ပြပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ အကျဉ်းသား ၈၅၀၀ ကျော် လွှတ်ပေးတဲ့အထဲမှာ ရာနဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပါရှိပေမဲ့ အများစုဟာ ပုဒ်မ ၄၀၁ နဲ့ ခြွင်းချက် သဘောမျိုး လွှတ်ပေးခဲ့တာကို ထောက်ပြထားပါတယ်။ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းထားပေမဲ့လည်း လူ့အခွင့်အရေး ချိုးဖောက်မှု တိုင်ကြားချက်တွေအပေါ်မှာ စုံစမ်းစစ်ဆေးမှုတွေ မလုပ်နိုင်တာကို ဝေဖန်ထားပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်သူတွေကို တရားဥပဒေအရ အရေးမယူနိုင်တဲ့ အခြေအနေတွေကိုလည်း ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းက စစ်ရေး တင်းမာမှုတွေ ရှိတာနဲ့အမျှ အဲဒီက ဒေသခံ ကျေးရွာတွေမှာ တရားလက်လွတ် ဖမ်းဆီးမှု၊ သတ်ဖြတ်မှု အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်မှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း Amnesty ရဲ့ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။

တဆက်တည်းမှာပဲ လူအတော်များများ သေဆုံးခဲ့ရတဲ့ ရခိုင်ပြည်နယ်အတွင်းက ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေအပေါ် အစိုးရက စုံစမ်းရေး ကော်မရှင်ဖွဲ့တဲ့ နေရာမှာ အရေးပါတဲ့ အလွှာ အသီးသီးကို ထည့်သွင်းခဲ့ပေမဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းက ကိုယ်စားပြုသူတွေကို ထည့်သွင်းခြင်း မရှိဘူးလို့ Amnesty က ပြောပါတယ်ရှင်။
XS
SM
MD
LG