သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနုပညာရှင် Ai Wei Wei မြန်မာ့ဆင်များ ထိန်းသိမ်းရေး ကြိုးပမ်း


(Credit-Four Paws)
(Credit-Four Paws)

မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ဆင်တွေကို ထိန်းသိမ်းစောင့်ရှောက်ရေးတွေလုပ်ဆောင်ဖို့ တွန်းအားပေးတဲ့အနေနဲ့ တရုတ် အနုပညာရှင် Ai Weiwei က မြန်မာနိုင်ငံက ဆင်စခန်းတွေကို လာရောက်လေ့လာခဲ့ပါတယ်။ သစ်ထုတ်လုပ်ရေးတွေရပ် တန့်ထားတဲ့အချိန်မှာ တချို့ဆင်တွေအသတ်ခံရသလို စွန့်ပစ်တာတွေ၊ အိမ်နီး ချင်းတိုင်းပြည်တွေကို ရောင်းချတာတွေရှိ နေပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြောပါလိမ့်မယ်။

မြန်မာ့သစ်ထုတ်လုပ်ငန်းမှာ ဆင်တွေကိုသုံးပြီးလုပ်နေတာ နှစ်ပေါင်းရာနဲ့ချီပြီးရှိပါပြီ။ သြစတီးယားနိုင်ငံရဲ့မြို့တော် ဗီယာ နာအခြေစိုက်Four Paws လို့ခေါ်တဲ့တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ရဲ့စာရင်းအရ မြန်မာနိုင်ငံမှာ အလုပ်လုပ် နေရတဲ့ ဆင်အကောင်ရေ ငါးထောင်လောက်ရှိပြီး အားလုံးလိုလိုဟာ အစိုးရပိုင်ဆင်တွေဖြစ်ပါတယ်။ ပုဂ္ဂလိက ပိုင်တဲ့ဆင်က တော်တော်နည်းပါတယ်။

မြန်မာနိုင်ငံက သစ်တွေနိုင်ငံခြားကိုတင်ပို့မှု တနှစ်တားမြစ်ထားတာကို ၂၀၁၆ခုနှစ်ဧပြီလတုန်းက ပြန်ပြီးလုပ်ခွင့်တွေ ပေးခဲ့ပါတယ်။ သစ်ပင်ခုတ်တာတွေရပ်ဆိုင်းတဲ့ကိစ္စက သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအတွက် ကောင်းတဲ့ကိစ္စဆိုပေမဲ့လည်း သစ်လုပ်ငန်းမလုပ်ရလို့ အလုပ်လက်မဲ့ဖြစ်ကုန်တဲ့ဆင်တွေအတွက်တော့ ဒုက္ခရောက်တဲ့ အဖြစ်ဆိုးနဲ့ကြုံကြရတာပါ။ အလုပ်လုပ်နေတဲ့ဆင်အကောင်ရေတထောင်ကျော်အလုပ်လက်မဲ့ဖြစ်ကုန်ပြီး တချို့က အသတ်ခံရသလို၊ တချို့က ဘေးမဲ့ပေးစွန့်ပစ်ခံရပါတယ်၊ တချို့ကတော့ အိမ်နီးချင်းတိုင်းပြည်တွေဆီရောင်းအစားခံနေရ ပါတယ်။ ဒီလိုအချိန်မှာပဲ ကမ္ဘာကျော်အနုပညာရှင် Ai Weiwei မြန်မာနိုင်ငံကို ရောက်လာခဲ့တာပါ။ Ai Weiweiဟာ အနုပညာရှင်တဦးလည်းဖြစ်သလို၊ လူ့အခွင့်အရေးလှုပ်ရှားသူတဦးလည်းဖြစ်ပါတယ်။ အခုတော့ လူ့အခွင့်အရေးတင် မက တရိဆန်တွေရဲ့အခွင့်အရေးအတွက်ပါ Ai Weiweiကလုပ်ဆောင်နေပါပြီ။ အခုဇူလိုင်လဆန်းက မြန်မာပြည်ကို ရောက်လာခဲ့တဲ့ Ai Weiweiဟာ ပဲခူးရိုးမထဲမှာရှိတဲ့ဆင်စခန်းတချို့ကိုသွားပြီးလေ့လာခဲ့ပါတယ်။

"ဆင်တွေဟာ လူတွေလိုပဲ သတ္တဝါတွေထဲက အမျိုးအစားတခုလို့ကျနော်ခံစားရပါတယ်။ ဒါပေမဲ့ကျနော်တို့က သူတို့ အကြောင်းကို နဲနဲပဲသိတာပါ။ ဆင်တွေရဲ့စိတ်သဘာဝတွေ၊အသိညဏ်တွေကို ကျနော်အပြည့်အ၀ ခံစားလို့ရပါတယ်။ သူတို့ကို ဒီအခြေအနေရောက်အောင် လူတွေကလုပ်တာပါ။ ဒါတွေဟာ မှန်ကန်တဲ့လုပ်ရပ်တွေမဟုတ်သလို မတရား သဖြင့်လုပ်တာလည်းဖြစ်ပါတယ်။ သူတို့တွေ လွတ်လွတ်လပ်လပ်ရှင်သန်သင့်ပါတယ်။ ဒါပေမဲ့လည်း သူတို့တွေ အမြဲတန်း ကောင်းကောင်းမွန်မွန်အဆက်အဆံ မခံရပါဘူး။ ကျနော်တို့နားလည်ထားရမှာက ကျနော်တို့လူတွေဟာတခြား သတ္တဝါ တွေအပေါ်မှာလည်း ကောင်းကောင်းမွန်မွန်ဆက်ဆံရမယ်ဆိုတာပါပဲ။ ဒီလိုမှ မဟုတ်ရင်တော့ လူဖြစ်ရှုံးပါလိမ့်မယ်"

Ai Weiweiဟာ Four Paws တိရစ္ဆာန်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့သားတွေနဲ့မြန်မာနိုင်ငံက ဆင်စခန်း တွေကိုသွားရောက်ခဲ့တာပါ။ Four Pawsအဖွဲ့ဟာ ပဲခူးဒေသမှာ ဆင်ဘေးမဲ့တောတခုဖြစ်ပေါ်လာရေးပြောဆိုဆွေး နွေးမှုတွေလုပ်နေပြီး မြောက်ဇာမရီဆင်သဘာဝနယ်မြေမှာ ဒဏ်ရာရထားတဲ့ဆင်တွေ၊ ဖမ်းမိထားတဲ့ဆင်ရိုင်းတွေနဲ့ အရင်က သစ်လုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ဆင်တွေကို ဘေးမဲ့လွှတ်ဖို့စီစဉ်ထားပါတယ်။ မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံမှာ တော့ ဆင်တွေကို ခရီးသွားလုပ်ငန်းတွေမှာအသုံးချပါတယ်။ တရုတ်နိုင်ငံကတော့ ဆင်စွယ်နဲ့ ဆင်သားရေတွေကို ပိုပြီးလိုချင် ပါတယ်။ ဆင်သားရေကို အမှုန့်ကြိတ်ပြီးဗိုက်နာပျောက်ဆေးဖေါ်သလို၊ ဆင်သားရေနဲ့လုပ်တဲ့ ကုန်ပစ္စည်းတွေကိုလည်း သုံးချင်တာပါ။ ဆင်စွယ်ကိုလည်း နည်းမျိုးစုံနဲ့သုံးကြတာကြောင့် တရုတ်နိုင်ငံရဲ့ဝယ်လိုအားက မြန်မာ့ဆင်တွေအတွက် အကြီးအကျယ်ချိန်းခြောက်နေတဲ့ အန္တရာယ်တခုဖြစ်နေတယ်လို့ ဗြိတိန်အခြေစိုက် Elephant Family လို့ခေါ်တဲ့ ဆင်မိသားစုအဖွဲ့က ဒီနှစ်ထဲမှာပဲ အစီရင် ခံစာတစောင်ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG