သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကို အကူအညီတွေ ပို့နိုင်ဖို့ ပရဟိတအဖွဲ့တွေ ကြိုးစား


အစ္စရေး-ဟာမတ်စ်အကြမ်းဖက်အဖွဲ့ကြား တိုက်ပွဲတွေဖြစ်ပွားနေစဉ်နေမှာပဲ ဂါဇာကမ်းမြောင်ထဲ စစ်လေယာဉ်ကတဆင့်ချပေးခဲ့တဲ့ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီများ (မတ် ၅၊ ၂၀၂၄)
အစ္စရေး-ဟာမတ်စ်အကြမ်းဖက်အဖွဲ့ကြား တိုက်ပွဲတွေဖြစ်ပွားနေစဉ်နေမှာပဲ ဂါဇာကမ်းမြောင်ထဲ စစ်လေယာဉ်ကတဆင့်ချပေးခဲ့တဲ့ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီများ (မတ် ၅၊ ၂၀၂၄)

ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာတဲ့ အကူအညီတွေ Cyprus ကျွန်းကနေ သင်္ဘောနဲ့ ပို့ဆောင်ဖို့ ပစ္စည်းတွေ တင်ဆောင်နေပြီလို့ အမေရိကန်ပရဟိတအဖွဲ့တခုက ဒီနေ့ စနေနေ့မှာ ပြောကြားပါတယ်။

EU ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေထဲမှာ ဂါဇာကမ်းမြောင်နဲ့ အနီးဆုံးဖြစ်တဲ့ Cyprus ကျွန်းနိုင်ငံ ဆိပ်ကမ်းမှာ World Central Kitchen အဖွဲ့က အစားသောက်၊ သောက်သုံးရေနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေ တင်ဆောင်နေတာပါ။ တန်ချိန်များစွာပါတဲ့ ဒီပစ္စည်းတွေတင်ထားတဲ့ ဝမ်းပြားရေယာဉ်ကို စပိန်အခြေစိုက် Open Arms ပရဟိတအဖွဲ့ သင်္ဘောက ဆွဲသွားနိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ပါလက်စတိုင်းပြည်သူတွေ အလွန်အမင်းလိုအပ်နေတဲ့အကူအညီတွေကို ရေလမ်းကြောင်းကနေ ပို့ဆောင်ပေးနိုင်မယ့် လမ်းကြောင်းပွင့်သွားအောင် ကြိုးစားနေတာ ဖြစ်တယ်လို့ Open Arms အဖွဲ့က ပြောပါတယ်။ ဘယ်ဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး ဂါဇာဒေသထဲ အကူအညီတွေ ရောက်အောင်ပို့မှာလဲဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။

အစ္စရေး ပိတ်ဆို့ထားတဲ့ ဂါဇာကမ်းမြောင်ဒေသထဲ လူသားချင်းစာနာတဲ့ အကူအညီတွေ ပို့နိုင်‌အောင် ဂါဇာကမ်းလွန်မှာ ယာယီဆိပ်ကမ်း ဆောက်လုပ်မယ်လို့ အမေရိကန်က ကြေညာထားပါတယ်။ ယာယီဆိပ်ကမ်း ဆောက်လုပ်ပြီးစီးဖို့ ရက်ပေါင်း ၆၀ လောက် ကြာနိုင်ပြီး အမေရိကန် စစ်မှုထမ်း ၁၀၀၀ ကျော် လိုအပ်နိုင်တယ်လို့ Pentagon စစ်ဌာနချုပ်က သောကြာနေ့က ပြောကြားခဲ့ပါတယ်။

ဒီနေ့ စနေနေ့မှာတော့ လေထီးတွေသုံးပြီး ထောက်ပံ့ကူညီရေးပစ္စည်းတွေကို ဂါဇာဒေသပေါ်ကနေ ကြဲချပေးနေတာတွေ ရှိပါတယ်။ ဘယ်နိုင်ငံ ဘယ်ပရဟိတအဖွဲ့က ကြဲချတဲ့ အကူအညီတွေလဲဆိုတာတော့ မသိရသေးပါဘူး။ ဂါဇာစစ်ပွဲ ဖြစ်ပွားနေတာ ၅ လကြာချိန်မှာ လူသားချင်းစာနာတဲ့ အကူအညီတွေကို ပရဟိတအဖွဲ့တွေက မရောက်ရောက်အောင် ကြိုးစားပို့နေကြတာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG