သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံတကာ AIDS ညီလာခံ မြန်မာ ကိုယ်စားလှယ်တွေ တက်ရောက်


သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ကမ္ဘာ့ AIDS ညီလာခံ တက်ရောက်နေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း
သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ကမ္ဘာ့ AIDS ညီလာခံ တက်ရောက်နေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း

နိုင်ငံတကာမှာ AIDS ရောဂါပပျောက်အောင် နည်းလမ်းတွေရှာဖွေနေချိန်မှာ မြန်မာနိုင်ငံမှာတော့ ဝေဒနာရှင်တွေအတွက် ဆေးဝါးအလုံအလောက် ထောက်ပံ့မပေးနိုင်တဲ့ အခြေအနေရှိနေဆဲပဲလို့ HIV/AIDS ဝေဒနာရှင်တွေအရေး ဆောင်ရွက်ပေးနေသူတွေကပြောပါတယ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ (၅)ရက်တာ ကျင်းပနေတဲ့ နိုင်ငံတကာ AIDS ညီလာခံကို မြန်မာနိုင်ငံကလည်း ကိုယ်စားပြုတက်ရောက်နေပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ၅ ရက်တာ ကျင်းပနေတဲ့ နိုင်ငံတကာ AIDS ညီလာခံကို မြန်မာနိုင်ငံက ကိုယ်စားလှယ်ပေါင်း တရာကျော်လည်း တက်ရောက်နေပါတယ်။ ဒီ အကြိမ် (၂၀) မြောက် AIDS ညီလာခံကို နိုင်ငံတကာက ဝေဒနာရှင်တွေအပါအဝင် ပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ စုစုပေါင်း ၁ သောင်းနဲ့ ၂ ထောင်လောက် တက်ရောက်နေတာပါ။ အဲဒီထဲမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် မြန်မာအစိုးရ ကိုယ်စားလှယ်တွေ၊ နောက် အစိုးရမဟုတ်တဲ့ NGO အဖွဲ့ဝင်တွေ၊ မြန်မာဆရာဝန်တွေတက်ရောက်နေကြပါတယ်။

ဒီညီလာခံရဲ့ထူးခြားချက်နဲ့ပတ်သက်လို့ ကိုယ်တိုင်တက်ရောက်နေတဲ့ မြန်မာနိုင်ငံက AIDS/HIV ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ပေးနေသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဖြူဖြူသင်းကို စပြီးမေးကြည့်ပါတယ်။

ဖြေ။ ။ AIDS conference တိုင်းမှာပဲ လေယာဉ်ပျက်ကျပြီး ပါသွားတဲ့ --- ၂ ဦးပေါ့နော် ပါသွားတယ်။ ဒီ AIDS နဲ့ပတ်သက်ပြီးတော့ အဲဒီအတွက်ကို ဝမ်းနည်းကြောင်းပေါ့။ ဒီမှာလည်း နေ့စဉ် လာလို့ရှိရင် ဝမ်းနည်းကြောင်း မှတ်တမ်းလေးတွေမှာ အကုန်လုံး လက်မှတ်ထိုးကြတာတွေ ရှိတယ်။ အဲဒီမှာတော့ မှတ်တမ်းတင်ပြီးတော့ အကုန်လုံး ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်မကောင်းတဲ့ ကိစ္စပေါ့နော်။ အဲဒါတွေကို သေချာ တွက်ပြီးတော့ speech ပေးတဲ့သူတိုင်းက တော်တော်လေး အကျယ်တဝင့် ပြောသွားကြပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ အခုလို နိုင်ငံတကာက အဖွဲ့အစည်းတွေ လာပြီးတော့ AIDS ကွန်ဖရင့်တက်ရောက်တဲ့အခါမှာ မဖြူဖြူသင်း တက်ရောက်ရတဲ့ ဦးတည်ချက်ကရော ဘာပါလဲ။

ဖြေ။ ။ စတက်လိုက်တဲ့အခါကျတော့ ဒီညီလာခံကြီးကတေ message တွေ ရတာပေါ့နော်။ အဓိက ကတော့ လူနာတွေအတွက်၊ ရောဂါ ဝေဒနာတွေ ခံစားနေရသူတွေအတွက် မျှော်လင့်ချက်ပေါ့။ မျှော်လင့်ချက်ဆိုတာ သူတို့ ပြောထားတာ ရှိပါတယ်။ ဒီ AIDS ရောဂါကို လုံးဝ ပျောက်ကွယ်သွားဖို့အတွက်ကို Target Date ထား ထားတယ်။ ၂၀၃၀ ပေါ့။ သူတို့ ပြောထားတာတွေ ရှိတယ်။ အဲဒီအခါတော့ အရင်ညီလာခံနဲ့တော့ မတူဘူးပေါ့။ အရင်ညီလာခံမှာကတော့ ဒီလိုမျိုး ဆုံးဖြတ်ချက် မရှိခဲ့ဘူး။ ဒါကတော့ ပျောက်ကွယ်သွားအောင် ကြိုးလည်း ကြိုးစားနေတယ်။ ဖြစ်လည်း ဖြစ်မယ်ဆိုတဲ့ ပုံစံမျိုးတွေ သိရတဲ့အတွက် အတော်ကြီးအားတက်ဖို့ ကောင်းတယ်။ နောက်တချက်ကကျတော့ ဒီမှာရှိနေတဲ့ section တွေကလည်း တော်တော့ကို များတယ်။ ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ဟာကတော့ တော်တော်များများကို ရှိတယ်။ criminal တွေနဲ့ပတ်သက်ပြီးတော့ AIDS ပတ်သက်တဲ့ law တွေ ပြဌာန်းဖို့ ကိစ္စတွေ ဒါတွေလည်း ပါတယ်ပေါ့နော်။ အဲဒါတွေနဲ့ ပတ်သက်လို့လည်း မြန်မာပြည်ကနေပြီးတော့ အခု ပြည်ထဲရေးဘက်ကနေ တက်တာတွေလည်း ရှိတယ်လေ။ ရှိတယ်ဆိုတဲ့အခါကျတော့ ဒါတွေ နားထောင်မယ်၊ ဒါတွေကို သိသွားမယ်ဆိုလို့ရှိရင် မြန်မာပြည်အတွက် ဘယ်လို ရှေ့ဆက်ပြီးတော့ အကောင်အထည်ဖော်ရမလဲ၊ ဘယ်လို လုပ်ရမလဲဆိုတာကိုတော့ သိသွားမှာပေါ့နော်။

ဘာကြောင့်လဲ ဆိုလို့ရှိရင် နိုင်ငံတကာမှာက အေ့ဒ်စ်နဲ့ပတ်သက်ပြီး ဒီရောဂါနဲ့ပတ်သက်ပြီး ပျောက်ဖို့အတွက်ကို ဆုံးဖြတ်ချက်တွေ ချနေတဲ့အချိန်မှာ ကျမတို့နိုင်ငံမှာက ဒီနေ့ ဒီအချိန်အထိ ပြည်သူတွေက ဆေးဝါး မရရှိမှုတွေ၊ သေဆုံးမှုတွေ၊ နောက်ပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး လူတွေကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် မရှိသေးတာတွေ အများကြီး တွေ့နေရတဲ့အခါကျတော့ ဌာနအသီးသီးက ပုဂ္ဂိုလ်တွေ လာပြီး သိသွားကြတဲ့အခါကျတော့ မြန်မာပြည်အတွက် ပိုပြီးတော့ အဆင်ပြေသွားမယ်။ ဒီက ပြီးသွားလို့ရှိရင် ပိုပြီးတော့ ရေရှည်မှာ ပိုပြီး လုပ်နိုင်လိမ့်မယ်လို့ ကျမ မြင်ပါတယ်။

မေး။ ။ အဲဒီတော့ မြန်မာနိုင်ငံအနေနဲ့ AIDS ရောဂါတိုက်ဖျက်ရေးမှာ အဓိက ရင်ဆိုင်နေရတဲ့ အခက်အခဲတွေရော၊ ဘာတွေ ရှိမလဲရှင့်။

ဖြေ။ ။ အဲဒါတော့ အခု လက်ရှိမှာတော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကတော့ ဒီ AZD ထွက်သွားရတယ်ပေါ့နော်။ ရောဂါ ဝေဒနာသည်တွေနဲ့ ပတ်သက်ပြီးတော့ ကူညီပေးနေတဲ့အဖွဲ့ပေါ့နော်။ အခုတော့ တခြားအဖွဲ့လေးတွေရယ်၊ နောက် အစိုးရဆေးရုံတွေမှာတော့ ဆေးတော့ ပြန်ပေးတာ ရှိတာပေါ့နော်။ ကျမတို့ဆီမှာ အဓိက ရင်ဆိုင်နေရတာကတော့ ပွင့်လင်းမြင်သာမှုက အများကြီး သိပ်မရှိသေးဘူး။ ဒီမှာက အခုအချိန်အထိကို ပညာပေးမှုအပိုင်းတွေ၊ ဆေးဝါးရရှိမှုအပိုင်းတွေ တနိုင်ငံလုံးအတိုင်းအတာအထိ ဆောင်ရွက်နိုင်မှု မရှိသေးတာကို တွေ့ရတယ်လေ။ အဲဒီပေါ်မှာ ဘာသွားတွေ့ရလဲဆိုတော့ ဒီဘက် တခြားနိုင်ငံတွေမှာတော့ ပျောက်တဲ့ဘက်ကို ဦးတည်နေပေမယ့် မြန်မာပြည်မှာကတော့ အားလုံး လူတိုင်း ဆေးသောက်ရဖို့နဲ့ ပညာပေးမှု ပြည့်ပြည့်ဝဝ ရရှိဖို့အတွက်က တော်တော်ကြီးကို အခက်အခဲ ရှိနေတာကို သွားတွေ့ရတယ်။

HIV ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ပြောသွားတာပါ။ လက်ရှိ ကျင်းပနေတဲ့ နိုင်ငံတကာ AIDS ညီလာခံမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဆွေးနွေးမယ့် အစီအစဉ်တွေ ပါဝင်တာလည်း တွေ့ရပါတယ်။ အရှေ့တောင်အာရှမှာ ထူးခြားတဲ့အပြောင်းအလဲတွေ ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံမှာ HIV- AIDS ကုသမှုနည်းတွေ ပြောင်းလဲလာပုံတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အပါအဝင် မြန်မာအစိုးရနဲ့ တွဲဖက်ပြီးတော့ HIV-AIDS ရောဂါ ကူးစက်ပျံ့ပွားမှု ထိန်းချုပ်ရာမှာ အပြောင်းအလဲတွေ ရှိနေတဲ့အကြောင်းကို မြန်မာအစိုးရ၊ ကမ္ဘာ့ဘဏ်၊ UNAIDS နဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေအပါအဝင် မနက်ဖြန်မှာ စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပဖို့ ရှိပါတယ်။

ဒါ့အပြင် မန္တလေးနဲ့ ရန်ကုန်မှာရှိတဲ့ လိင်လုပ်သားတွေကြား HIV- AIDS ရောဂါ ရရှိနေကြသူတွေအကြောင်း လေ့လာချက်၊ မြန်မာနိုင်ငံမှာ လိင်တူချင်းဆက်ဆံရာကနေ HIV ကူးစက်မှုနှုန်းတား မြင့်မားမှု စတဲ့အကြောင်းအရာတွေကိုလည်း တင်ပြဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

XS
SM
MD
LG