သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်းမာရေး မကောင်းတဲ့ကြားက မြန်မာနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်း


ပုပ်ရဟန်းမင်းကြီး ကျန်းမာလာဖို့ Agostino Gemelli Polyclinic ဆေးရုံရှေ့မှာ ခရစ်ယာန်သီလရှင်များ ဆုတောင်း (AP Photo/Kirsty Wigglesworth)
ပုပ်ရဟန်းမင်းကြီး ကျန်းမာလာဖို့ Agostino Gemelli Polyclinic ဆေးရုံရှေ့မှာ ခရစ်ယာန်သီလရှင်များ ဆုတောင်း (AP Photo/Kirsty Wigglesworth)

အဆုပ်ရောင်ရောဂါကြောင့် ၁၇ ရက်ကြာ ဆေးကုသမှု ခံယူနေရတဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ ကျန်းမာရေး မကောင်းတဲ့ကြားမှာပဲ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားက ပဋိပက္ခဒေသတွေမှာ ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးလိုက်ပါတယ်။

"ယူကရိန်း၊ ပါလက်စတိုင်း၊ အစ္စရေး၊ လက်ဘနွန်၊ မြန်မာ၊ ဆူဒန်နဲ့ ကီဗူး တို့အတွက် ဆုတောင်းပေးကြပါစို့။" လို့ ပုပ်ရဟန်းမင်းကြီး ဆုတောင်းမေတ္တာပို့တဲ့စာကို ဗာတီကန်ကျောင်းတော်က ဒီကနေ့ပဲ ထုတ်ပြန်လိုက်တာပါ။ ကျန်းမာရေးကောင်းဖို့ အားပေးဆုတောင်းကြသူတွေကို ကျေးဇူးတင်ကြောင်းလည်း ပြောပါတယ်။

သက်တော် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ ကျန်းမာရေးကြောင့် ဆေးရုံတင် ကုသနေရတာ သီတင်း ၂ ပတ်ကျော် ရှိလာနေပြီး၊ အပတ်စဉ် ဝတ်ပြုပွဲတွေနဲ့ ဘာသာရေးအခမ်းအနားတွေကိုလည်း ကိုယ်တိုင်မတက်နိုင်ဘဲ ဖြစ်နေတာပါ။ ဗာတီကန်ကျောင်းတော်ရဲ့ ဒီကနေ့ တနင်္ဂနွေနေ့ ထုတ်ပြန်ချက်မှာတော့ ပုပ်ရဟန်းမင်းကြီးဟာ ညဖက်မှာ အေးအေးချမ်းချမ်း အိပ်စက်နိုင်ခဲ့ပြီး၊ အနားယူနေကြောင်း ဖော်ပြထားပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အသက်ရှုလမ်းကြောင်း ပိုးဝင်ရာက ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ရောမမြို့က Gemelli ဆေးရုံကို ပို့ဆောင်ကုသပေးခဲ့ရတာပါ။ နောက်ပိုင်းမှာ အဆုပ် ၂ ဖက်စလုံးမှာပါ အဆုပ်ရောင်ရောဂါ ခံစားခဲ့ရပြီး အသက်ရှုစက် အကူအညီယူခဲ့ရတဲ့အထိ ကျန်းမာရေးအခြေအနေ ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG