သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး Air Asia မှ ရုပ်အလောင်း ၄၀ ကျော်ရှာတွေ့


တနင်္ဂနွေနေ့က မုန်တိုင်းကျနေချိန်အတွင်း ပျက်ကျသွားတဲ့ AirAsia လေကြောင်းလိုင်းက ခရီးသည်တင် ဂျက်လေယာဉ်ရဲ့ အပျက်အစီး အစအနတွေကို တွေ့ရတဲ့ ပင်လယ်ထဲကနေ အလောင်း ၄၀ ထက်မနည်းကို ပြန်ဆယ်ယူရရှိထားပြီလို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။

Borneo ကျွန်းအနောက်တောင်ဘက် မိုင် ၁၀၀ အကွာလောက်မှာ ကယ်ဆယ်ရေးရဟတ်ယာဉ်တွေက Java ပင်လယ်ထဲမှာ မျောနေတဲ့ ရုပ်အလောင်းတွေ ဆွဲတင်နေတာကို ဒေသတွင်း ရုပ်သံသတင်းဌာနတွေက ဒီနေ့ ထုတ်လွှင့်ပြသပါတယ်။

အသက်ကယ်အင်္ကျီမပါတဲ့ ရုပ်အလောင်းတွေ Java ပင်လယ်ထဲမှာ မျောနေတဲ့ပုံတွေကို တွေ့ရတော့ ဒီလေယာဉ်ခရီးစဉ်မှာ ပါသွားကြသူ ၁၆၂ ဦးရဲ့ မိသားစုတွေ အချင်းချင်းပွေ့ဖက်ပြီး ငိုကြွေးခဲ့ကြပါတယ်။ ညရောက်လာတဲ့အထိ လေယာဉ်ပျက်ကျတဲ့ထဲမှာ ပါသွားတဲ့ ခရီးသည်တွေထဲက လေးပုံ တပုံလောက်ရဲ့ အလောင်းတွေကိုပဲ ကယ်ဆယ်ရေး လုပ်သားတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အသက်ရှင် ကျန်ရစ်သူတယောက်မှ ရှာမတွေ့ပါဘူး။ လိမ္မော်ရောင် အသက်ကယ်ဝတ်စုံတစုံ၊ ခရီးဆောင်သေတ္တာ၊ အနီနဲ့ အဖြူရောင်သုတ်ထားတဲ့ အရေးပေါ်တံခါးလို့ ယူဆရတာတွေ အပါအဝင် လေယာဉ်ကနေ ပြုတ်ကျတဲ့ ပစ္စည်းတွေကို ရှာတွေ့ခဲ့ပြီး မကြာခင်မှာပဲ ရုပ်အလောင်းတွေ တွေ့ရှိတာပါ။

ရေမျက်နှာပြင်အောက်မှာ အရိပ်ကြီးတခုကို တာဝန်ရှိသူတွေ တွေ့ရှိထားပြီး ပျက်ကျတဲ့ လေယာဉ်ကိုယ်ထည်လို့ ယူဆရပါတယ်။ ပင်လယ်ထဲမှာ တွေ့ရတဲ့ အပျက်အစီးတွေဟာ အင်ဒိုနီးရှားနိုင်ငံ Surabaya မြို့ကနေ စင်္ကာပူနိုင်ငံဆီကို တနင်္ဂနွေနေ့က ပျံသန်းတဲ့ နှစ်နာရီကြာ ခရီးတိုအတွင်း လမ်းထက်ဝက်လောက်မှာ ပျောက်ဆုံးသွားတဲ့ Airbus A320-200 လေယာဉ်ရဲ့ အပျက်အစီး အပိုင်းအစတွေ ဖြစ်တယ်လို့ Air Asia က အင်္ဂါနေ့ညပိုင်းမှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ အတည်ပြုသွားပါတယ်။

XS
SM
MD
LG