သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြိမ်းခြောက်ခံ Air France လေယာဉ် JFK လေဆိပ် ဘေးကင်းစွာဆင်းသက်


ပဲရစ်္စက နယူးယောက်ပျံသန်းမှု ခရီးစဉ်ပြမြေပုံ။
ပဲရစ်္စက နယူးယောက်ပျံသန်းမှု ခရီးစဉ်ပြမြေပုံ။

လေယာဉ်ပေါ်မှာ ဓာတုလက်နက်ပါတယ်ဆိုတဲ့ လေကြောင်းလိုင်းတွေကို ခြိမ်းခြောက်မှုတွေထဲက တခုကို ခံရပြီးတဲ့နောက် ပြင်သစ်လေကြောင်းပိုင် Air France ခရီးသည်တင်လေယာဉ်ဟာ အမေရိကန် တိုက်လေယာဉ်နှစ်စင်းရဲ့ အစောင့်အကြပ်နဲ့ နယူးယောက်မြို့မှာ တနင်္လာနေ့ မနက်က ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကနေ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က John F. Kennedy နိုင်ငံတကာ လေဆိပ်ကို ပျံသန်းလာတဲ့ အဲဒီ ပြင်သစ် ခရီးသည်တင်လေယာဉ် ခရီးစဉ်အမှတ် ၂၂ ပေါ်မှာ ဓာတု လက်နက်ပါကြောင်း အမည်မဖော်သူတဦးက မယ်ရီလန်းပြည်နယ် ရဲတပ်ဖွဲ့ ရဲတန်းလျားကို တယ်လီဖုန်းနဲ့ ဆက်သွယ် ခြိမ်းခြောက်မှု ပြုလာတာကြောင့် F-15 အမျိုးအစား တိုက်လေယာဉ်တွေဟာ လေယာဉ်ရှိရာကို ချက်ချင်း ပျံတက်သွားကြတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီ ခြိမ်းခြောက်မှုဟာ ခိုင်လုံမှုမရှိကြောင်း ဆုံးဖြတ်လိုက်ပြီး လေယာဉ်ကိုလည်း ဆင်းသက်ခွင့်ပေးလိုက်ပါတယ်။

လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေဟာ ပုံမှန်အတိုင်း လေဆိပ်မှာ ဆင်းသွားကြတယ်လို့ ပြင်သစ်လေကြောင်းလိုင်းက ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်း မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ပြင်သစ်လေကြောင်းလိုင်းက တစုံတရာ တုံ့ပြန် ပြောဆိုခြင်း မရှိသေးပါဘူး။

အင်္ဂလန်နိုင်ငံ Birmingham မြို့ကနေ နယူးယောက်က John F. Kennedy နိုင်ငံတကာ လေဆိပ်ကို ဆိုက်ရောက်ခဲ့တဲ့ အမေရိကန် လေကြောင်း American Airlines ခရီးစဉ်အမှတ် ၁၃၁ ဟာလည်း အလားတူ ခြိမ်းခြောက်မှုမျိုး ခံခဲ့ရပေမယ့် အဲဒီ ခြိမ်းခြောက်မှုဟာလည်း ခိုင်လုံမှု မရှိဘူးဆိုပြီး သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ဆော်ဒီအာရေးဗီးယား လေကြောင်းလိုင်းဟာလည်း မသေချာ မရေရာတဲ့ ခြိမ်းခြောက်မှု ပြုလုပ်ခံခဲ့ရတဲ့အတွက် နယူးယောက် JFK လေဆိပ်မှာ စစ်ဆေးခဲ့ရပြီး New Jersey ပြည်နယ်၊ Newark Liberty နိုင်ငံတကာ လေဆိပ်က တခြား လေကြောင်းလိုင်း ၂ ခုဟာလည်း အလားတူ ခြိမ်းခြောက်မှုတွေ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG