ကွန်ပြူတာ နည်းစနစ် ချွတ်ယွင်းခဲ့တဲ့အတွက် လေယာဉ်ခရီးစဉ်တွေ နှောင့်နှေးခဲ့ပြီး ထောင်နဲ့ချီတဲ့ ခရီးသည်တွေရဲ့ လေယာဉ်ခရီးစဉ်တွေကိုလည်း ဖျက်သိမ်းခဲ့ရတယ်လို့ ဗြိတိန်အခြေစိုက် လေကြောင်းလိုင်းက စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။
NATS လေကြောင်းထိန်းချုပ်ရေးဌာနမှာ ဒီကွန်ပြူတာပြဿနာ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ဒါဟာလည်း ပထမဆုံးအကြိမ် ဖြစ်ပွားတာပါ။သောကြာနေ့တုန်းက ကွန်ယက်တခုအတွင်း ကွန်ပြူတာ အရေအတွက် အတော်များများကို တပြိုင်တည်း သုံးစွဲပြီးနောက် အချက်အလက်ပို့ဆောင်ရေး လမ်းကြောင်းတွေမှာ ရှုတ်ထွေးမှုတွေဖြစ်ပြီး ကွန်ပြူတာတွေ အခုလို ကောင်းကောင်း အလုပ်မလုပ်တော့တာလို့ NATS လို့ ခေါ်တဲ့ လေကြောင်းထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့ကြီးက ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
ဒီပြဿနာကြောင့် လေကြောင်းထိန်းချုပ်ရေးမျှော်စင်က ဝန်ထမ်းတွေဟာ ကွန်ပြူတာထဲက လေကြောင်းလမ်းဆိုင်ရာ အချက်အလက်တွေကို ကြည့်ရှုလို့ မရတော့ပါဘူး။ လုပ်ငန်းတွေရပ်စဲမသွားခင်နောက်ဆုံး ၃၅ မိနစ်လောက်အတွင်းမှာ လေဆိပ်နားမှာ ရှိနေတဲ့ လေယာဉ်တွေကိုတော့ ဆင်းသက်နိုင်အောင် ကြိုးစားခဲ့ကြပါတယ်။
ဒီလေကြောင်းလိုင်းကွန်ယက်စနစ်တွေဟာ ၁၉၆၀ ခုနှစ်လောက်ကတည်းက သုံးလာတာဖြစ်တဲ့အတွက် အခုလိုပြဿနာပေါ်ပေါက်တာလို့ ကွန်ပြူတာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ လန်ဒန် ဟိသရိုးလေဆိပ်က သောကြာနဲ့ စနေအတွက်လေယာဉ်ခရီးစဉ်တွေကိုလည်း အခုအခါမှာ ပယ်ဖျက်ထားတာပါ။ ခရစ္စမတ်နဲ့ နှစ်သစ်ကူး အားလပ်ရက်မတိုင်ခင်မှာ အခုလို လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်တာကြောင့်Braitain အစိုးရကလည်း စိုးရိမ်ပူပန်နေပြီး ဘာကြောင့် အခုလိုဖြစ်တယ်ဆိုတာကို ရှင်းလင်းဖို့ ဝန်ကြီးတွေက တောင်းဆိုထားပါတယ်ခင်ဗျာ။