Java ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေတဲ့ AirAsia လေယာဉ် ရှာဖွေနေကြသူတွေဟာ နောက်ထပ် သေဆုံးနေသူ ရုပ်အလောင်း ၂ လောင်းကို ဆယ်ယူရရှိခဲ့ကြပါတယ်။ ရာသီဥတု ဆိုးရွားနေတာကြောင့် ရေငုတ်ပြီး ရှာဖွေရေးလုပ်ဆောင်နေကြရာမှာ နှေးကွေးနေရပါတယ်။
ပျောက်ဆုံးသွားခဲ့တဲ့ ခရီးစဉ် ၈၅၀၁ AirAsia လေယာဉ်ကို Borneo ကမ်းရိုးတန်းမှာ ၁၀ ရက်ကြာ ရှာဖွေမှုတွေပြုလုပ်ခဲ့စဉ်အတွင်း လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ လေယာဉ်ဝန်ထမ်းနဲ့ ခရီးသည် စုစုပေါင်း ၁၆၂ ဦး အနက်က ရုပ်အလောင်း ၃၉ လောင်း ကို ရှာဖွေတွေ့ရှိထားပြီ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံကနေ စင်္ကာပူနိုင်ငံကို ပျံသန်းသွားတဲ့ အင်ဂျင် ၂ လုံးတတ် A320 Airbus အမျိုးစား ခရီးသည်လေယာဉ်ဟာ အရေးပေါ် အချက်ပေးမှု တစုံတရာမပြုလုပ်ဘဲ ရေဒါစက်ကွင်းကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။
အင်္ဂါနေ့မှာ လေယာဉ်ရဲ့ ကိုယ်ထည်နဲ့ ပျံသန်းမှု အချက်လက်တွေ ထိန်းသိမ်းထားတဲ့ black boxes ရှာဖွေမှုကို ဆက်လက် လုပ်ဆောင်ခဲ့တယ်လို့ အင်ဒိုနီးရှားအစိုးရ အမျိုးသား ရှာဖွေကယ်ဆယ်ရေး အေဂျင်စီတာဝန်ရှိသူတွေက ပြောပါတယ်။ အဓိကလေယာဉ် ကိုယ်ထည်ရှိနေရာလို့ ယူဆရတဲ့ နေရာမှာ ရေစီးအလွန်ကြမ်းနေတာကြောင့် အခက်ခဲဖြစ်နေရတယ်လို့လည်း ပြောပါတယ်။
သြစတြေးလျနိုင်ငံက မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့တဖွဲ့ကလည်း တွေ့ရှိထားတဲ့ ရုပ်အလောင်းတွေကို ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ဖော်ထုတ်နိုင်ဖို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေကို လာရောက် အကူညီပေးနေတယ်လို့ ဆိုပါတယ်။