သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး AirAsia လေယာဉ် အမြီးပိုင်းတွေ့


အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပင်လယ်ပြင်အတွင်း ဒီဇင်ဘာလ ၂၈ ရက်နေ့က ပျက်ကျသွားခဲ့တဲ့ AirAsia လေကြောင်းအမှတ် ၈၅၀၁ ရဲ့ လေယာဉ်အမြီးပိုင်းကို တွေ့ပြီလို့ အင်ဒိုနီးရှား ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

Black Box လို့ခေါ်တဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်တဲ့ ကိရိယာပါတဲ့ လေယာဉ်အမြီးပိုင်းကို တွေ့ပြီဖြစ်တဲ့အကြောင်း အင်ဒိုနီးရှား အမျိုးသား ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲက သတင်းထောက်တွေကို ဒီကနေ့ ပြောလိုက်တာ ဖြစ်ပါတယ်။

လေယာဉ်ပျက်ကို နေရာတိုးချဲ့ရှာဖွေမယ့်အကြောင်း အင်္ဂါနေ့မှာ ပြောဆိုအပြီး လေယာဉ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းကို တွေ့ရှိကြောင်း သတင်းထုတ်ပြန်တာ ဖြစ်ပါတယ်။ လေယာဉ် ဘယ်လို ပျက်ကျသွားတယ်ဆိုတာနဲ့ ပတ်သက်လို့ အဲဒီ လေယာဉ်ပျံသန်းမှု မှတ်တမ်းကတဆင့် သိနိုင်ဖို့ ကြိုးစား အဖြေရှာကြမှာ ဖြစ်ပါတယ်။

Borneo ကျွန်း ကမ်းလွန်ပင်လယ်ပြင်ထဲ ပျက်ကျသွားတဲ့ အဲဒီလေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၁၆၂ ဦး ပါသွားတာ ဖြစ်ပါတယ်။ လေယာဉ်ပျက်ကနေ အသက်ရှင် ကျန်ရစ်သူ တယောက်မှ မတွေ့ရတော့ဘဲ အခုချိန်ထိ ၃၉ လောင်းပဲ ပြန်တွေ့ပါသေးတယ်။ ပြန်တွေ့တဲ့ အလောင်းတွေ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ခွဲခြားနိုင်ဖို့ သြစတြေးလျနိုင်ငံက မှုခင်း ဆေးပညာရှင်တွေက အင်ဒိုနီးရှားအစိုးရကို ကူညီပေးနေပါတယ်။

သာမှန်အားဖြင့် ၂ နာရီလောက်သာကြာမယ့် အင်ဒိုနီးရှားနဲ့ စင်ကာပူအကြား ပျံသန်းနေတဲ့ AirAsia လေကြောင်းလိုင်းပိုင် Airbus 320 အမျိုးအစား လေယာဉ်ဟာ ခရီးတဝက်လောက်အရောက်မှာ ဘေးအန္တရာယ် ကျရောက်တယ်ဆိုတဲ့ သတိပေး အကြောင်းကြားခြင်း မရှိဘဲ ရုတ်တရက် ရေဒါပေါ်ကနေ ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG