သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AirAsia ပျက်ကျလေယာဉ် သေဆုံးသူတွေအလောင်း Surabaya ကို စသယ်ဆောင်


ပျက်ကျသွားတဲ့ AirAsia လေယာဉ်ကနေ ပထမဆုံး ပြန်ရခဲ့တဲ့ အလောင်း ၂ လောင်းဟာ အင်ဒိုနီးရှားနိုင်ငံ Surabaya မြို့ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီကျန်ရစ်တဲ့ ရုပ်အလောင်းတွေကို အင်ဒိုနီးရှား မှုခင်းဆေးပညာကျွမ်းကျင်သူတွေက စစ်ဆေးကြမှာဖြစ်ပါတယ်။

လေယာဉ်ပျက်ကျခဲ့ပြီး ၂ ရက်အကြာ အင်္ဂါနေ့အထိ လေယာဉ်ပျက်ကျခဲ့တဲ့ ဂျာဗားပင်လယ်ထဲမှာ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေက အလောင်း ၇ လောင်းကို တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ လေယာဉ်အမှတ် ၈၅၀၁ ဟာ Surabaya မြို့ကနေ စင်္ကာပူကို ခရီးသည်နဲ့ လေယာဉ် အမှုထမ်း စုစုပေါင်း ၁၆၂ ယောက် သယ်ဆောင်ပြီး ပျံသန်းခဲ့တာ ဖြစ်ပါတယ်။

အခု ပထမဆုံး စစ်ဆေးမယ့် ပြန်ရတဲ့ အလောင်း ၂ လောင်းဟာ ဆယ်ကျော်သက် ယောင်္ကျားလေး တဦးနဲ့ အမျိုးသမီးတဦးဖြစ်တယ်လို့ Surabaya က သဘာဝ အန္တရာယ်ဒဏ်ခံရသူတွေကို စစ်ဆေးတဲ့ ရဲချုပ် Budiyono က ပြောပါတယ်။

သေဆုံးသူတွေ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ဆန်းစစ်နေဆဲဖြစ်ကြောင်းနဲ့ စစ်ဆေးမှုက ရတဲ့ တွေ့ရှိချက်တွေကို AirAsia ကို ပေးအပ်မှာဖြစ်ပြီး AirAsia ကနေ သေဆုံးသူတွေရဲ့ မိသားစုတွေကို အကြောင်းကြားမယ်လို့ ဆိုပါတယ်။

လေယာဉ်ပျံဟာ ဘော်နီယိုကျွန်းနားမှာ ပျက်ကျခဲ့တာဖြစ်ပြီး အခုအချိန်မှာ လေပြင်းတိုက်ခတ်နေသလို မိုးသည်းထန်စွာ ရွာသွန်းနေပြီး လှိုင်းလုံးကြီးတွေကလည်း ဆယ်ပေအမြင့်လောက် ရှိနေတာမို့ ရှာဖွေရေး သိပ်ခက်ခဲနေကြောင်း ရှာဖွေရေးနဲ့ ကယ်ဆယ်ကူညီရေး တာဝန်ခံတွေက ပြောပါတယ်။

အသံလှိုင်းရိုက်ခတ်မှုဆိုင်ရာ ပုံဖော်ရှာဖွေမှုအရဆိုရင် လေယာဉ်ဟာ ပေ ၁၀၀ ကနေ ၁၅၀ လောက် အနက်မှာ ပင်လယ်ပြင်ကြမ်းပြင်ပေါ် ပက်လက်လန်ပြီး နစ်မြုပ်နေတယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG